09/10/2026
မင်မင်းဆက်နှင့် လန့်နား(Lanna)တို့၏ ပဋိပက္ခ
ယူနန်တောင်ပိုင်း နယ်စပ်နိုင်ငံရေးနှင့် ၁၄၀၅ ခုနှစ် စစ်ပွဲ
၁၅ ရာစုအစောပိုင်းတွင် ယနေ့ တရုတ်နိုင်ငံ ယူနန်တောင်ပိုင်း၊ သျှမ်းပြည်၊ စစ်ဆောင်ပန္နားနှင့် လန်နာဒေသတို့သည် သီးခြားနိုင်ငံငယ်များအဖြစ်သာ တည်ရှိနေခဲ့ခြင်းမဟုတ်ဘဲ ကုန်သွယ်ရေးလမ်းကြောင်းများ၊ အခွန်ဆက်သဆက်ဆံရေး၊ ဒေသခံနိုင်ငံအာဏာများနှင့် နယ်မြေလွှမ်းမိုးမှုတို့ဖြင့် အပြန်အလှန်ဆက်နွယ်နေသည့် နိုင်ငံရေးကမ္ဘာတစ်ခုဖြစ်ခဲ့သည်။ ထိုနိုင်ငံရေး ကမ္ဘာအတွင်း မင်မင်းဆက်နှင့် လန့်နား တို့ကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခသည် ရိုးရိုး “တရုတ်က ချင်းမိုင်ကို ဝင်တိုက်ခြင်း” ထက် နိုင်ငံရေးအားပြိုင်မှု တစ်ရပ်အဖြစ် ရှုမြင်နိုင်ပါသည်။
မင်မင်းဆက်၏ ယူနန်တောင်ပိုင်း နယ်စပ်မူဝါဒ
မင်မင်းဆက်သည် တိုင်း(သျှမ်း)တို့နေထိုင်ရာဒေသဖြစ်သည့် ယူနန်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်ဘက်နှင့် အနောက်တောင်ဘက်ရှိ တိုင်း(သျှမ်း) နိုင်ငံများကို တိုက်ရိုက်အုပ်ချုပ်ရန်ထက် ဒေသခံအုပ်ချုပ်သူများ၏ အာဏာကို အသိအမှတ်ပြုပြီး မင်နန်းတော်နှင့် ဆက်ဆံစေသည့် နယ်စပ်အုပ်ချုပ်ရေးစနစ်ကို အသုံးပြုခဲ့သည်။
မင်မှတ်တမ်းများတွင် Hsenwi/မိန်းပန် ကို Mubang (木邦)၊ Sipsong Panna/ဆစ်ဆောဝ်ပန်းနား ကို Cheli (車里)၊ လန့်နား(လယ်ယာတစ်သန်း) ဒေသ ကို Babai (八百) စသည့်အမည်များဖြင့် တွေ့ရသည်။ ဤဒေသခံနိုင်ငံများသည် မင်နန်းတော်နှင့် သံတမန်ရေး၊ လက်ဆောင်နှင့် အခွန်ဆက်သဆက်ဆံရေးများ ရှိခဲ့သော်လည်း ၎င်းတို့ကို မင်အင်ပါယာက ယနေ့ခေတ် ပြည်နယ်တစ်ခုကဲ့သို့ တိုက်ရိုက်အုပ်ချုပ်ခဲ့ခြင်းထက် မဟာမိတ်ပုံစံဖြင့် နယ်စပ်ဆက်ဆံရေးကို တည်ဆောက်သည့် ပုံစံဖြစ်သည်။
၁၄၀၄ ခုနှစ်တွင် မင်မှတ်တမ်းများက လန့်နား(လယ်ယာတစ်သန်း) ဒေသတွင် အုပ်ချုပ်ရေးအဖွဲ့နှစ်ခုကို ဖော်ပြထားသည်။ တစ်ခုမှာ Babai-zhenai ဖြစ်ပြီး ယခု (Chiang Rai–Chiang Saen) နောက်တစ်ခုမှာ Babai-dadian (ယခု Chiang Mai) ဖြစ်သည်။
ပဋိပက္ခ၏အစ — မင်သံတမန်ခရီးစဉ် တားဆီးခံရခြင်း
၁၄၀၄ ခုနှစ်တွင် မင်နန်းတော်၏ ကိုယ်စားလှယ် Yang Xuan သည် လန့်နား ဒေသကို ဖြတ်သန်း၍ အနောက်ဘက်ရှိ Meng yang ဘက်သို့ သွားရန် ကြိုးစားခဲ့သည်။ သို့သော် လန့်နားဘက်မှ သူ၏ခရီးစဉ်ကို တားဆီးခဲ့ကြောင်း တရုတ်မှတ်တမ်းများနှင့် နောက်ပိုင်းသုတေသနများတွင် တွေ့ရသည်။
ဤဖြစ်ရပ်သည် သာမန်သံတမန်တစ်ဦး၏ ခရီးစဉ်ပိတ်ပင်ခံရမှုထက် မင်နန်းတော်အတွက် ယူနန်မှ တောင်နှင့် အနောက်ဘက် တိုင်း/သျှမ်း နိုင်ငံများသို့ ဆက်သွယ်သည့်လမ်းကြောင်းများ၏ လုံခြုံမှုနှင့် လွှမ်းမိုးနိုင်မှုသည် ၎င်း၏ နယ်စပ်သြဇာကို ထိန်းသိမ်းရာတွင် အရေးကြီးသည်။ ထို့ကြောင့် လန့်နား ၏ လုပ်ရပ်ကို မင်နန်းတော်၏ ဒေသတွင်းအာဏာနှင့် သံတမန်ရေးစနစ်အား စိန်ခေါ်ခြင်းအဖြစ် မြင်နိုင်ပါသည်။
၁၄၀၅ ခုနှစ် — စစ်ရေးအရ တုံ့ပြန်ခြင်း
၁၄၀၅ ခုနှစ်တွင် မင်နန်းတော်သည် လန့်နား ဘက်အား ပြဿနာဖြစ်စေသူများကို ဖမ်းဆီးအပ်နှံရန် အမိန့်ပေးခဲ့ပြီး မလိုက်နာပါက စစ်ရေးအရ အရေးယူနိုင်ကြောင်း သတိပေးခဲ့သည်။
နောက်ဆုံးတွင် ယူနန်ရှိ မင် စစ်သူကြီး Mu Sheng (沐晟) ဦးဆောင်သော မင်တရုတ်တပ်ကြီးသည် လန့်နားဘက်သို့ ချီတက်လာခဲ့သည်။ ယင်းစစ်ပွဲတွင် မင်ဘက်မှ ယူနန်ရှိ တရုတ်တပ်အပြင် နယ်စပ်ဒေသရှိ တိုင်း/သျှမ်း နိုင်ငံမဟာမိတ်နိုင်ငံများ၏ တပ်များပါ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Hsenwi (Mubang) နှင့် Sipsong Panna (Cheli) တို့၏ ပါဝင်မှုသည် မင် မှတ်တမ်းများထဲတွင်ထင်ရှားသည်။
မင် မှတ်တမ်းအရ Hsenwi တပ်များသည် လန့်နားဘက်ရှိ ခံတပ်နှင့် အခြေစိုက်နေရာ ဆယ်ခုကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဤစစ်ပွဲသည် မင်အင်ပါယာ၏ တောင်ပိုင်းနယ်စပ်စစ်ပွဲတစ်ခုသာမက ဒေသခံ တိုင်း/သျှမ်း နိုင်ငံများ၏ အကျိုးစီးပွားများပါ ပါဝင်သည့် နိုင်ငံရေးစစ်ပွဲတစ်ခုလည်းဖြစ်သည်။ မင်မှတ်တမ်းများအရ Hsenwi သည် စစ်ပွဲအတွင်း မင်ဘက်မှ တက်ကြွစွာပါဝင်ခဲ့ပြီး လန့်နား ခံတပ်များ နှင့် အခြေစိုက်ရာ ၁၀ ခုထက်မနည်း ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၁၅ ရာစုအစောပိုင်း Hsenwi ကို မင်နန်းတော်၏ အနောက်တောင်နယ်စပ်မူဝါဒတွင် အရေးပါသော ဒေသခံစစ်ရေးအင်အားတစ်ခုအဖြစ် မြင်နိုင်သည်။
စစ်ပွဲအတွင်း Chiang Saen ဒေသသည် အထူးအရေးပါခဲ့သည်။ Chiang Saen သည် မဲခေါင်မြစ်ဝှမ်းနှင့် ယူနန်တောင်ပိုင်းမှ လန်နာအတွင်းသို့ ဝင်ရောက်နိုင်သည့် မြောက်ပိုင်းလမ်းကြောင်းများ၏ အချက်အချာဖြစ်သည်။ စစ်ရေးနှင့် ကုန်သွယ်ရေးအရ အရေးပါသည့် မြို့လည်းဖြစ်သည်။
လန့်နား ရာဇဝင်များတွင် ထိုစစ်ပွဲကို “soek hò” ဟု မှတ်တမ်းတင်ထားပြီး စစ်ပွဲအတွင်း Chiang Saen နှင့် မြောက်ပိုင်းမြို့အချို့ ဆုံးရှုံးခဲ့ရပြီး ၁၄၀၅ ခုနှစ် နိုဝင်ဘာလဝန်းကျင်တွင် လန့်နားဘက်မှ မင်နန်းတော်ထံ ပြန်လည်ဆက်သွယ်၍ မိမိတို့၏ “အပြစ်” ကို ဝန်ခံသည့်သဘောရှိသော သတင်းစကား ပေးပို့ခဲ့သည်။ ထို့နောက် မင်နန်းတော်က Mu Sheng ၏တပ်များကို ပြန်လည်ဆုတ်ခွာစေခဲ့သည်။
မင်နိုင်ငံ မှ စစ်ရေးအင်အားအသုံးပြုခြင်း အဓိကရည်ရွယ်ချက်မှာ မင်၏ နယ်စပ်နိုင်ငံရေးစနစ်၊ သံတမန်သွားလာခွင့်နှင့် ဒေသတွင်းသြဇာကို ပြန်လည်အတည်ပြုရန် ဖြစ်သည်ဟု ပိုမိုသင့်လျော်စွာ နားလည်နိုင်သည်။ ဒါ့အပြင် ၁၄၀၅ ခုနှစ် စစ်ပွဲကို မင်အင်ပါယာနှင့် လန့်နားတို့၏ နှစ်နိုင်ငံပဋိပက္ခတစ်ခုသာမက ယူနန်တောင်ပိုင်း၊ တိုင်း/သျှမ်းဒေသများ နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများ၏ အာဏာချိန်ခွင်လျှာ ပြောင်းလဲမှုကို ထင်ဟပ်စေသော နယ်စပ်နိုင်ငံရေးပဋိပက္ခတစ်ခု အဖြစ် သတ်မှတ်ပါနိုင်သည်။
ဆေလိတ်
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်သည်။