Mg Moe Zon

Mg Moe Zon ဤပေ့ချ်တွင် သတင်းမီဒီယာများတွင် မောင်မိုးဇွန် ကလောင်အမည်ဖြင့် ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများကို တင်ဆက်ပေးနေပါသည်။

နည်းပညာနှင့် ဗဟုသုတရဖွယ်စာစုများ ဖတ်ရှုရန်နေရာ

တောရေးတောင်ရေး - ဒီနေ့ X သုံးရင်း ကိုယ်ဝင်ကြည့်နေကျ World Statistics ဆိုတဲ့အကောင့်မှာ WHO ရဲ့ သုတေသနစာတမ်းတစ်ချို့ကို အခ...
12/08/2025

တောရေးတောင်ရေး -

ဒီနေ့ X သုံးရင်း ကိုယ်ဝင်ကြည့်နေကျ World Statistics ဆိုတဲ့အကောင့်မှာ WHO ရဲ့ သုတေသနစာတမ်းတစ်ချို့ကို အခြေခံပြီးပြောထားတဲ့ Post လေးတစ်ခု တွေ့မိတယ်။ အဲဒီ ပို့စ်ထဲမယ်ပြောထားတာက မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အမျိုးသားတွေ စီးကရက်သောက်သုံးမှုနှုန်း ဒုတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်ပါတယ်တဲ့။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ 70.2% လို့ဆိုပါတယ်။ နံပါတ် ၁ နေရာမှာရှိနေတာက အင်ဒိုနီးရှား (70.5%) ဖြစ်ပါတယ်။

ပို့စ်မှာဖော်ပြထားတာတွေက လွန်ခဲ့တဲ့ ၂၀၂၀ မတိုင်ခင်က အချက်အလက်တွေနဲ့ အစီရင်ခံစာတွေဖြစ်တာမို့ အချက်အလက်တွေက ဒီကနေ့ခေတ်မှာ ကိုက်ညီမှုရှိချင်မှရှိလိမ့်မယ်။ ဒါပေမယ့် အများကြီးတော့ သွေဖယ်သွားဖွယ်ရာသိပ်မရှိသေးဘူး။

ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်မှာတုန်းက ပြည်တွင်းမှာရှိတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး တိုက်ဖျက်ရေးကိစ္စတွေကို Awareness လုပ်နေတဲ့ Local NGO အဖွဲ့အစည်းတစ်ခုက ဦးစီးဦးဆောင်ပြုနေသူတွေနဲ့ မကြာခဏဆိုသလို စကားတွေပြောဖြစ်ခဲ့တယ်။ အလုပ်သဘောအရရော၊ ပါဆင်နယ်အရရောပေါ့။ အဲဒီပုဂ္ဂိုလ်ကြီးတွေက ပြည်တွင်းမှာ ဆေးလိပ်နဲ့ ကွမ်းယာလိုအရာတွေ သုံးစွဲနှုန်းကျဆင်းအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ကြုံရတဲ့အခက်အခဲတွေအကြောင်း မကြာခဏဆိုသလို ပြောပြကြတယ်ဆိုပါတော့။ အာဏာပိုင်အစိုးရတွေရဲ့ ပေါ်လစီပိုင်းဆိုင်ရာ စွက်ဖက်မှုတွေရော၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ လက်တလုံးခြား Marketing Activities တွေရော၊ ဆေးလိပ်နဲ့ကွမ်းယာကို ကြိုက်လို့ လက်ခံသုံးစွဲနေသူတွေရဲ့ ဆန့်ကျင်မှုတွေ စသဖြင့် စသဖြင့်ပေါ့လေ။

ဒီနေရာမှာကြုံလို့ပြောရမယ်ဆိုရင် မြန်မာပြည်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကိစ္စ ပေါ်လစီတွေကို တကယ်ကိုင်တွယ်တာက MOH မဟုတ်ဘူး။ ကုန်သွယ်ရေးရယ်၊ ဟိုတယ်နဲ့ခရီးရယ်က ကိုင်တွယ်တာပါတဲ့။ သူတို့ပြောပြတော့မှ ကိုယ်တောင် အတော်လေး အံ့အားသင့်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းတွေ ရှိပေမယ့် အဲဒါတွေက Confidential တွေမို့ထားလိုက်ပါတော့။

နောက်ထပ် ပြဿနာတစ်ခုက အထက်မှာပြောခဲ့သလိုပဲ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကုမ္ပဏီတွေ၊ V**e ကုမ္ပဏီတွေကိုယ်တိုင်က ပုံမှားရိုက်ထားတဲ့ Marketing နည်းလမ်းတွေနဲ့ သုံးစွဲသူတွေကိုရော၊ ဆေးလိပ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေကိုပါ လှည့်စားလာတဲ့ကိစ္စပါ။ အဲဒါကတော့ ကိုယ်တိုင်ကိုကြုံခဲ့ရတာလေးဗျ။ တစ်ခါတုန်းက နိုင်ငံတစ်ကာ NGO ကြီးတစ်ခုက ဆေးလိပ်ဆန့်ကျင်ရေး ဘာညာဆိုပြီး Survey တွေ၊ Awareness campaign တွေလုပ်ဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Funding တစ်ခုချပေးပါလေရော။ ကိုယ်လည်းပိုင်ပြီဟဲ့ဆိုပြီး Funding ကိုဝင်လျှောက်ဖို့ပြင်ပြီး နောက်ဆုံး Stage ရောက်တော့မှ အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က Donor က နိုင်ငံတကာထိပ်တန်း ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ V**e ထုတ်တဲ့ကုမ္ပဏီဖြစ်နေပြီးတော့ V**e market ကို ချဲ့ထွင်ဖို့ CSR ယောင်ယောင်ဘာယောင်ယောင်နဲ့ Donor ဝင်လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ပရောဂျက်လည်း ပျက်ရောပေါ့။ အဲဒါမျိုးတွေလည်း ရှိသေးတယ်ဗျ။

နောက်တစ်ချက်ကကျတော့ ဆေးလိပ်တို့ ခုနောက်ပိုင်း V**e တို့ကို တိုက်ဖျက်ရာမှာ သက်ဆိုင်ရာနယ်ပါယ်က Stakeholder တွေကိုယ်တိုင် အင်တိုက်အားတိုက် ပါဝင်လေ့မရှိတာပဲ။ -င်ကနေ မီးခိုးငွေ့ထွက်အောက် ဆေးလိပ်သောက်တဲ့ ကျန်းမာရေးဝန်တွေ မကြာခဏမြင်ခဲ့ဖူးသလို၊ ဆေးလိပ်အစားထိုးဆိုပြီး V**e ပြောင်းသောက်နေတဲ့လူတွေလည်း မြင်ခဲ့ဖူးတယ်။ ဘယ်လိုမှလည်း တားမရ၊ V**e က ဘေးကင်းတယ် ဆေးလိပ်လိုမဟုတ်ဘူးဆိုပြီး အတင်းအကန် ခံငြင်းတာတောင် ခံရဖူးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ နိုင်ငံတကာမှာ ကျန်းမာရေးဆိုင်ရာ ပေါ်လစီတွေချနေတဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက ထိပ်တန်းအရာရှိ ဆရာဝန်ကြီးတစ်ယောက်က Chain Smoker ဖြစ်နေတာလည်း သိခဲ့ရရဲ့။ ဆိုတော့ ဘယ်လိုပြောကြမတုန်း။

ဆိုတော့ ဒီလိုမျိုးကိစ္စတွေကရှိနေတဲ့အခါကျတော့ အရွယ်လွန် လူကြီးတစ်သိုက်နဲ့ ဖွဲ့ထားတဲ့ မြန်မာပြည်မှာတစ်ခုတည်းသာရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတိုက်ဖျက်ရေး အဖွဲ့အစည်းလေးဟာလည်း သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ရုံးကန်နေရတာ မဆန်းလှဘူးပဲ ဆိုရမှာပဲပေါ့။

လူတွေကို ဆေးလိပ်မသောက်နဲ့ ကွမ်းယာမစားနဲ့လို့ ပြောတော့ပြောနေပေမယ့် အဲဒါကလွဲပြီး ကျန်တာဘာမှဆက်မဖြစ်လာတော့ ထိရောက်မှုလည်း မရှိဘူးပေါ့။ တကယ်တော့ ဆေးလိပ်နဲ့ ကွမ်းယာဖြတ်တယ်ဆိုတာက တစ်မျိုးတစ်သာဘာနည်းလမ်းလို့ ပြောရမလားပဲ။ ဆရာဝန်သွားပြပြီးဖြတ်လည်း ဆေးလိပ်ဆက်မသောက်နဲ့တော့၊ ကွမ်းထပ်မစားနဲ့တော့ဆိုတာပြောပြီးရင် သူတို့လည်း ဘာဆက်လုပ်ပေးရမယ်မသိကြတာများတယ်။ တကယ်တော့ ဆေးလိပ်နဲ့ ကွမ်းယာဖြတ်တာက သုံးစွဲမှုကိုရပ်လိုက်ရုံနဲ့တင်မပြီးပါဘူး။ နောက်ပိုင်းမှာ Primary Care လုပ်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းက Psychosocial Support အဆက်မပြတ်ပေးရမယ့် အပိုင်းတွေပါနေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဒါနဲ့ပတ်သက်ပြီး မသိထားတဲ့အခါ မသုံးဖို့ပဲ အထပ်ထပ်ပြောနေမိသလို ကာယကံရှင်ကလည်း ခဏတော့ မသုံးပဲနေမိပေမယ့် စိတ်ပြန်ပါလာတော့ ပြန်သုံး၊ ပြန်သောက်မိပြီး အစကိုပြန်ရောက်သွားပြန်ပါလေရော။ ဒီလိုနဲ့ ဆေးလိပ်၊ ကွမ်းယာဖြတ်တဲ့ဇာတ်လမ်းက သံသရာလည်နေတော့တာပါပဲ။ အပေါ်မှာပြောခဲ့တဲ့ Local NGO က ဦးလေးတစ်တွေပြောပြတာတစ်ခုရှိတယ်။ ကွမ်းယာဖြတ်တဲ့ကမ်ပိန်းလုပ်တဲ့အချိန်မှ ကွမ်းယာ လပိုင်းလောက်မစားတော့ရင်ကို အောင်မြင်မှုလို့ သတ်မှတ်ရတယ်တဲ့။ အလွန်ဆုံး ၆ လလောက်နေရင် ပြန်စားတာပါပဲတဲ့။ ကဲ။

ဒီလိုကိစ္စတွေ၊ အခြေအနေတွေကြောင့်လဲ မြန်မာပြည်မှာ ဆေးလိပ်သောက်တဲ့သူတွေ၊ ကွမ်းယာစားတဲ့သူတွေ၊ ခုဆိုရင် V**e သောက်တဲ့လူတွေ ယုတ်လျော့သွားလိမ့်မယ်လို့ ကျွန်တော်မထင်တာ။ ဒီအရာတွေက သူတို့ကိုယ်တိုင်ကိုယ်တင်မက ပတ်ဝန်းကျင်ကလူတွေကိုပါ ဘယ်လိုထိခိုက်နစ်နာစေတယ်ဆိုတာကို လူအများကြီးက အမျိုးမျိုးပြောခဲ့ကြလို့ ဖန်တစ်ရာထေနေအောင်ကို လူအတော်များများ သိပြီးသားအရာတွေပါ။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့လူတွေ၊ ကွမ်းစားတဲ့လူတွေ လျော့သွားသလားဆိုရင်တော့ နိုးပါလို့ပဲပြောရပါလိမ့်မယ်။ တစ်ချို့က ဒီလိုသုံးစွဲနေတာကိုတောင် ဂုဏ်ယူစရာလို တွေးနေပြောနေကြတာလည်း မြင်ဖူးပါသေးရဲ့။

ခြုံပြောရမယ်ဆိုရင် ဒီနိုင်ငံမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ V**e တွေကို တားဆီးမယ့် နည်းလမ်းမရှိဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဥပဒေရေးဆွဲထားပေမယ့် နည်းဥပဒေဆက်ထွက်လာလိမ့်မယ့်ပုံ မပေါ်ပါဘူး။ တားမယ့်သူမရှိတဲ့အပြင် တားဖို့ကြိုးစားသူတွေမှာလည်း ယက်ကန်ယက်ကန်ဖြစ်နေတော့ အသိပညာပေးနိုင်စွမ်းကအားနည်းပြီး အင်တိုက်အားတိုက် အားထုတ်နိုင်စွမ်းကဆိုရင် ပိုလို့တောင် အားနည်းလှပါသေးတယ်။ တိုင်းပြည်ရဲ့ အဘက်ဘက်က ယုတ်လျော့နေမှုတွေနဲ့ပါပေါင်းလိုက်တော့ အဲ့ဒီဘက်ကို ဘယ်သူမှ လှည့်မကြည့်သလိုတောင် ဖြစ်နေပါသေးရဲ့။

ဆိုတော့ WHO က နောက်တစ်ခါ Global Health Observatory စစ်တမ်းထပ်လုပ်တဲ့အခါမှာ မြန်မာပြည်က ကမ္ဘာပေါ်မှာ ဆေးလိပ်အများဆုံးသောက်တဲ့တိုင်းပြည် ဖြစ်ချင်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကနောက်ကိစ္စပါ။ သေချာတာကတော့ မြန်မာပြည်မှာ နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာရှင်တွေ ပိုမိုတိုးပွားလာနေတာပါပဲ။ ဒီကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းက ဆေးလိပ်ငွေ့တွေ၊ နီကိုတင်းနဲ့ ဆေးရွက်ကြီးတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကတော့ အသေအချာပါပဲ။ ကျွန်တော်တို့ ဆေးလိပ်မသောက်ရင်တောင်မှ ကျွန်တော်တို့အနီးနားက ဆေးလိပ်သောက်သူတွေကြောင့် ကျွန်တော်တို့လည်း ထိခိုက်ရပါလိမ့်ဦးမယ်။ ဒါကတော့ မလွှဲမရရှာင်သာတဲ့ ကိစ္စပဲလေ။

မောင်မိုးဇွန်

#တောရေးတောင်ရေး #1 #မောင်မိုးဇွန် #မာဖီယိုဆို

ငလျင်လှုပ်ခတ်ပြီးချိန်မှာ သတိထား လိုက်နာရမယ့် အချက်လေးတွေ
29/03/2025

ငလျင်လှုပ်ခတ်ပြီးချိန်မှာ သတိထား လိုက်နာရမယ့် အချက်လေးတွေ

❗❗ငလျင်လှုပ်ခတ်ပြီးချိန် သတိထားလိုက်နာစရာများ❗❗

❗❗ ကြိုတင်ခန့်မှန်းလို့ မရတဲ့သဘာဝဘေးအန္တရာယ်တစ်မျိုးဖြစ်တဲ့ ငလျင်လှုပ်ခတ်ပြီးချိန်မှာ -

🩵🩵နောက်ဆက်တွဲငလျင်လာနိုင်သေးတာကို သတိပြုပါ။ ကြိုတင်ပြင်ဆင်ထားပါ။
🩵🩵ကိုယ်တိုင်နဲ့ မိသားစုဝင်တွေမှာ ထိခိုက်ထားတာမျိုး ရှိလား စစ်ဆေးပါ။ အရေးပေါ်ဆေးဝါးတွေကို လက်လှမ်းမီတဲ့နေရာမှာ အသင့်ပြင်ထားပါ။
🩵🩵နေထိုင်ရာအိမ်နဲ့ ရုံးအဆောက်အဦက ဘေးကင်းမှုမရှိဘူးလို့ ယူဆစရာရှိမယ်ဆိုရင် အပြင်ဘက် ဘေးလွတ်ရာကို ထွက်နေပါ။
🩵🩵ဓာတ်လှေကားမသုံးဘဲ လှေကားကိုပဲ အသုံးပြုပါ။
🩵🩵မီးလိုင်းတွေ ပျက်ကျနေတာမျိုး ရှိလား ဂရုပြုပါ။
🩵🩵ရေဒီယိုကတဆင့် အရေးပေါ်ကြေညာချက်တွေ နားထောင်ပါ။
🩵🩵ဖုန်း၊ ဓာတ်မီး၊ မီးခြစ်စတာတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။
🩵🩵ဖုန်းတွေကို မလိုအပ်ဘဲ ဖုန်းခေါ်တာ၊ အသုံးပြုတာမျိုး မလုပ်ဘဲ အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ထားပါ။
🩵🩵မီးဘေးလုံခြုံမှုရှိရဲ့လား စစ်ဆေးပါ။
🩵🩵ပျက်စီးပြိုကျနေတဲ့နေရာနဲ့ ဝေးဝေးနေပါ။
🩵🩵 အကူအညီလိုအပ်သူတွေကို ကူညီပေးပါ။

Safe # Stay Strong #အားလုံးဘေးကင်းလုံခြုံကြပါစေ #မိမိတတ်နိုင်သည့်အင်အားဖြင့်သဘာဝဘေးသင့်ပြည်သူများအားဝိုင်းဝန်းကူညီကြပါစို့

FYI
14/09/2024

FYI

လက်ရှိဖြစ်နေတဲ့ VPN ပြဿနာတွေရယ် Social Media Behavior တွေရယ်အရဆိုရင် လာမယ့် ၃ လကနေ ၆ လ ဝန်းကျင်အတွင်းမှာ Commercial Tren...
04/06/2024

လက်ရှိဖြစ်နေတဲ့ VPN ပြဿနာတွေရယ် Social Media Behavior တွေရယ်အရဆိုရင် လာမယ့် ၃ လကနေ ၆ လ ဝန်းကျင်အတွင်းမှာ Commercial Trends တွေရော Digital Marketing Trends တွေရော Socialtainment Platform တွေဆီ ကြီးကြီးမားမား ရွေ့သွားကြမယ်ထင်ပါတယ်။ ဆိုတော့ Digital Marketing ဘက်မှာ အပြောင်းအလဲ ခပ်ကြီးကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိလာပြီ။ ကြိုပြင်ထားဖို့လည်း လိုလာပြီ။

အာဏာရအစိုးရဘက်က VPN ကို Control လုပ်ဖို့ ကြိုးစားလာတာဟာ သူတို့ရဲ့ ကိုယ်ပိုင် Purpose တစ်စုံတစ်ရာကြောင့် ဖြစ်မယ်ဆိုတာ သေချာပေမယ့် Local Market ထဲမှာ အပြောင်းအလဲတွေ စဖြစ်နေခဲ့တာက အဲ့မတိုင်ခင်ကတည်းက လို့တောင် ပြောရမလားပဲ။ အာဏာပိုင်တွေရဲ့ VPN ကို အတင်းဝင်ထိမ်းချုပ်ဖို့ လုပ်ဆောင်ချက်က အဲဒီ Trends အပြောင်းအလဲကို ဘီးတပ်ပေးလိုက်တဲ့သဘောမျိုးလို့ ဆိုရမယ်။

အပြောင်းအလဲက ဘာလဲဆိုရင် လူတွေဟာ Networking Platform တွေကို ပိုစွန့်ခွာပြီး Socialtainment Platform တွေဆီ ပိုသွားနေကြပြီ ဆိုတာပဲ။ မြန်မာတွေက အရာရာမှာ အစွဲအလမ်းကြီးကြတယ်၊ အရာရာမှာ စွဲလမ်းစိတ်နဲ့ တရားသေဆုပ်ကိုင်ထားကြတာများတယ်။ ဆိုရှယ်မီဒီယာလည်း ဒီအတိုင်းပဲ၊ Telecom Transformation Period မှာကတည်းက စတင်ကြုံဆုံခဲ့ကြတဲ့ Facebook ကို မြန်မာအများစုက မက်မက်စက်စက် ဖက်တွယ်ထားတုန်း။ တခြား Social Media Platform တွေ ဘယ်လောက် အသုံးတည့်တည့် Facebook သည်သာ မြန်မာပြည်မှာ ဆိုရှယ်မီဒီယာ အစစ်အမှန်၊ တစ်ချို့နယ်တွေမှာဆို အင်တာနက်ဆိုတာ Facebook သုံးခြင်းလို့တောင် အဓိပ္ပါယ်ဖွင့်ဆိုကြတာမဟုတ်လား။ ဒီတော့ ကိစ္စတိုင်းဟာ အစ၊ အလယ်၊ အဆုံး Facebook ပေါ်မှာ ဖြစ်ပျက်တည်ရှိနေတာမို့ ဉာဏ်ခပ်တိမ်တိမ်ပုဂ္ဂိုလ်တွေကတော့ ဒါကြီးကို ဆော်ထည့်လိုက်ရင်တော့ဖြင့် သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ငြိမ်းအေးသွားလိမ့်မယ်လို့ မှတ်ယူလာတာ မဆန်းလှဘူးဆိုပါတော့။

ခုဆို အာဏာပိုင်တွေက VPN တွေကို တစ်ခုချင်းစီ Ban တာမျိုးမဟုတ်ပဲ ISP Protocol ကနေတဆင့် Control လုပ်ဖို့ အားထုတ်နေမှုဟာ အလျဉ်းသင့်လို့ အလုပ်ဖြစ်သွားခဲ့ရင် နောက် ၃ လ ကနေ ၆ လ အတွင်းမှာ လုံးဝ Control လုပ်နိုင်သွားဖွယ်ရှိတယ်။ အဲ့ထက်စောရင်လည်းစောနိုင်သလို အဲ့ထက်နောက်ကျရင်လည်း ကျနိုင်တယ်။

ဒီလိုလုပ်ရင် ဖြစ်လာနိုင်ခြေက ဆိုရှယ်မီဒီယာ အမျိုးအစားအပေါ်မူတည်ပြီး မတူညီတဲ့ Availability တွေ ခြားနားလာမယ့် အရေးပဲ။ ဒီလိုခြားနားလာတဲ့အခါမှာ Marketing လုပ်တဲ့လူတွေအနေနဲ့လည်း ခွတီးခွကျ အခြေအနေတွေနဲ့ ရင်ဆိုင်လာရတော့မယ်မဟုတ်လား။ Availability ပိုအားကောင်းတဲ့ဘက်မှာ သွား ကြော်ငြာမလား၊ FB မှာ တွယ်ကပ်ပြီး ဆက်နေဦးမလားဆိုပြီး ဆုံးဖြတ်ရတော့မယ်။

သေချာတာကတော့ အဲဒီ Trends အပြောင်းအလဲမှာ Brands တွေအနေနဲ့ Socialtainment Platform တွေပေါ်မှာ ဘယ်လောက် နေရာယူထားနိုင်မလဲဆိုတဲ့ မေးခွန်းကို သေချာပေါက် ဖြေဆိုရဖို့ရှိနေတယ်။ ခုထိ Client တစ်ချို့၊ အထူးသဖြင့် Local က Ethical Brand တစ်ချို့ဟာ ဆိုရှယ်မီဒီယာဆိုတာနဲ့ Facebook ပဲဆိုတဲ့ အစွဲကို မချွတ်နိုင်ကြသေးတာများတယ်။ ဒါပေမယ့် VPN ကိစ္စကြုံလာပြီးတဲ့ ခုရက်ပိုင်းအတွင်းမှာတင် တစ်ချို့ Client တွေက TikTok ဆိုရင်ရော၊ Telegram ဆိုရင် ဖြစ်နိုင်မလားဆိုတာမျိုး တီးခေါက်လာတာတွေ ကြုံလာနေရပြီ။ သေချာတာတစ်ခုက ဘယ် Brands ကမှ မရေရာမှုတွေပေါ်မှာ သူတို့ရဲ့ Brand ကို မတည်ဆောက်ချင်ကြဘူး။ ဒီတော့ သူတို့ရဲ့ Awareness ပိုင်းကို လူတွေနဲ့ ထိတွေ့နိုင်ခြေ အလွယ်ဆုံးနေရာတွေကနေ ထိုးဖောက်ဖို့ မဖြစ်မနေလုပ်ကြမှာက သဘာဝပဲ။ အဲဒါကြောင့်ပဲ တစ်ချို့တွေက Enquiry လုပ်လာကြတာတွေရှိတယ်၊ အပြောင်းအလဲတွေ စဉ်းစားကြလာတာတွေလည်း ရှိတယ်။

Digital Marketing ဆိုတာက ကျယ်ပြောတယ်။ ဒါပေမယ့် ဒီမှာက Facebook လောက်ကိုပဲ Digital Marketing ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့သူတွေ အများကြီးရှိနေတုန်း။ သိပ်မကြာခင်မှာ တစ်ချို့တွေလဲ အဲဒီတရားသေဆုပ်ကိုင်မှုတွေကို လက်လွှတ်ဖို့ ငြင်းဆန်ရင်း ပြတ်ကျန်ခဲ့ကြဦးမှာ။ ဒါက ဖြစ်ကိုဖြစ်မယ့်ကိစ္စ။ သတင်းမီဒီယာလောကမှာ Digitalization ကို ငြင်းပါယ်လို့ ပြတ်ကျန်ခဲ့တဲ့ မီဒီယာတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဝန်းကျင်က ကိုယ်တွေ့မြင်ခဲ့ဖူးပြီမို့ ခုချိန်မှာလည်း တရားသေဆုပ်ကိုင်မှုတွေကို ဖြေမချနိုင်လို့ ကျန်ရစ်ခဲ့မယ့် လူတွေ၊ Asset တွေ၊ အဖွဲ့အစည်းတွေ မြင်ဦးမယ်ဆိုတာ သေချာနေတယ်။

ဒီနေရာမှာ မမေ့ဖို့လိုတဲ့အချက်တစ်ခုက တစ်ချို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ Availability မြင့်လာမှုဟာ နိုင်ငံရေးအရ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေခြင်းနဲ့လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ဆိုင်နေတယ်ဆိုတာပဲ။ ဥပမာပြောရရင် China Based ဖြစ်တဲ့ TikTok နဲ့ Russia Based ဖြစ်တဲ့ Telegram တို့ Local မှာ အဆင်ပြေပြေသုံးလို့ရနေတာမျိုး၊ ဘယ်လိုအနေအထားမျိုးမှာမဆို Cyprus Based ဖြစ်တဲ့ Viber အိုခေနေသေးတာမျိုးပေါ့။ ဒါက တစ်ဖက်တစ်လမ်းကနေ ကျုံးသွင်းခံနေရခြင်းလို့ ဆိုမယ်ဆို ဆိုနိုင်တယ်။

ဆိုတော့ ဖြစ်နေတဲ့ အခြေအနေက တစ်ဖက်မှာ Political အရ Alliance ဖြစ်ဖြစ်/မဖြစ်ခြင်းနဲ့ တဖက်စောင်းနင်း ကျုံးသွင်းခံနေရသလို တစ်ဖက်မှာလည်း Trends က အဲဒီဘက်ကိုပဲ တွန်းပို့နေသလိုဖြစ်နေတယ်။ Business တွေကတော့ သူတို့ရဲ့ Awareness တွေကို အဆင်အပြေဆုံးဖြစ်မယ်ထင်တဲ့ Trends တွေ၊ ပလက်ဖောင်းတွေဆီကို ဆွဲယူတွန်းပို့ကြမှာဖြစ်တာမို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရေစီးကြောင်းက သေချာပေါက် ပြောင်းလဲသွားဖို့ ရှိနေတယ်။

ဒီအချိန်ဟာ FB လိုနေရာမှာ Socialtainment မရတဲ့သူတွေအတွက် အခွင့်အလမ်းကောင်းဖြစ်လာနိုင်သလို FB မှာ အခြေကျပြီး တခြားတစ်ဘက်မှာ စမ်းတဝါးဝါးဖြစ်နေဆဲလူတွေအတွက်ကတော့ အတော်လေး ကသီလင်တနိုင်မယ့် အချိန်တွေ ဖြစ်လာမှာပါ။

တစ်ဖက်မှာလည်း FB ကြီးက လုံးဝ ကွယ်ပျောက်သွားမှာမှ မဟုတ်တာ၊ ကျော်ခွသုံးလို့ရမယ့် နည်းလမ်း ထပ်ရှိလာဦးမှာပါပဲ။ ကျော်နည်းခွနည်းတွေကတော့ဖြင့် သေချာပေါက် ပေါ်လာဦးမှာပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ FB Environment နဲ့ Demographic ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနဲ့တောင် မတူတော့တဲ့ အခြေအနေကိုရောက်နေပြီဆိုတာကို ခံစားမိကြမယ်လို့ ထင်ပါတယ်။ အကြောင်းအမျိုးကြောင့် FB User တွေ အရင်ကထက် နည်းလာတယ်၊ ခုပြဿနာတွေကြောင့် ထပ်နည်းသွားနိုင်တယ်။ ဒီလိုဆိုရင် Brand တွေအနေနဲ့လည်း Commercial ပိုင်းမှာ FB အပေါ် ယုံကြည်မှု လျော့လာနိုင်တယ်။ တကယ်လို့များ TikTok က မြန်မာပြည်ကို Ads Manager နဲ့ Media Buying access တွေ ဖွင့်ပေးခဲ့မယ်ဆိုရင် သေချာပေါက် တစ်ချို့သော ထိပ်တန်း Brand တစ်ချို့က Digital Marketing Trends ကို အဲဒီဘက်ကို အားပြုဖို့အတွက် ရွှေ့ပစ်ဖို့ လုပ်လာကြတော့မှာပါ။

ဒီအချိန်မှာ ကိုယ်ဘယ်လောက် ရယ်ဒီဖြစ်နေသလဲဆိုတာက အတော်လေးစကားပြောလာပါလိမ့်မယ်။ အထူးသဖြင့်တော့ FB ကို အားပြုပြီး Traffic မောင်းသွင်းနေတဲ့ E-Commerce တွေအတွက်လည်း နည်းလမ်းသစ်တွေ လိုလာနေပြီဆိုတဲ့သဘောပေါ့။

ဒီလိုတွေဖြစ်လာတာနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ မကောင်းဘူး ပြောဖို့ ခက်ပါလိမ့်မယ်။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာပါ။ နိုင်ငံရေးဘာညာ အခြေအနေတွေကို ဖယ်ပြီး ရိုးရိုးသားသား ပြောရမယ်ဆိုရင် Digital Industry ဆိုတာ အမြဲပြောင်းလဲနေတတ်တဲ့သဘောသဘာဝရှိထားတဲ့ နယ်ပါယ်ပါ။ တိုးတက်မှုတွေဖြစ်နိုင်သလို ရွေ့လျားမှုတွေလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရပ်မနေတာတော့ အသေအချာပါပဲ။ အရေးကြီးတာက ကိုယ်တိုင်လည်း ရပ်မနေဖို့ လိုနေတာပါ။ ဆိုရှယ်မီဒီယာတွေရဲ့ သက်တမ်းကလည်း ဒီဘက်ခေတ်မှာ ပိုပိုပြီး တိုလာပါတယ်။ ကျနော်တို့ FB ကို တစ်သက်လုံး တွယ်ဖက်ထားလို့မှ မရတာ၊ ရှေ့မှာ GTalk နဲ့ Friendstar ကို ကြုံဖူးခဲ့သူတွေကို ဒီအကြောင်း ကောင်းကောင်းသိကြပါလိမ့်မယ်။ ဆိုတော့ ကျနော်တို့လည်း ရေစီးအတိုင်းလိုက်မလား၊ ဖောက်ထွက်မလား … တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ့် အခြေအနေလို့ ဆိုရမယ်ထင်ပါတယ် …

Social media တွေဟာဟာ Networking Platform တွေ မဟုတ်တော့ပဲ Socialtainment Platform တွေ ဖြစ်လာနေပြီဆိုတာကို လက်မခံချင်လည်း လက်ခံဖို့ လိုအပ်လာပါပြီ။ ဒါက နောက်ထပ် ဘယ်နှစ်နှစ်သက်တမ်းကြာမယ်မသိနိုင်တဲ့ Trends တစ်ခုပါပဲ … လာမယ့် လအနည်းငယ်မှာ ကျနော်တို့ အင်နဲ့အားနဲ့ ရင်ဆိုင်လာရနိုင်တဲ့ Trend ပါပဲ။ အရင်တုန်းကတော့ TikTok ကလူက TikTok မှာ သပ်သပ်၊ FB တို့ IG တို့ကလူတွေကလည်း သူတို့ဘာသာ သပ်သပ်စီ ရပ်တည်နေခဲ့ကြတာများပါတယ်။ ခုတော့ Trend က ပြောင်းပြီမို့ FB နဲ့ IG ကလူတွေ TiKTok တွေ Telegram တွေဆီ ပိုပို Migrate လုပ်လာကြဖွယ်ရှိနေပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ရော ဘယ်လို Approach လုပ်ကြမလဲ … စဉ်းစားတွေးချင့်ကြဖို့ လိုပြီထင်ပါတယ် …

ကဲ … အချုပ်ပြောရရင်တော့ ဘာ Entertainment မှမပါတဲ့ ဒီစာကို ခုတော့ VPN ရတုန်းလေး Facebook မှာ ပေါ်ရေးတင်လိုက်ပါတယ် … နောက်နှစ်များမှာဆိုရင်တော့ ဒီလိုစာမျိုးကို ကင်မရာရှေ့ထိုင်ပြောနေတာမျိုးလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လေနော် …. ဘာပဲဖြစ်ဖြစ် စဉ်းစားတွေးချင့်စရာလေးတွေ ကျန်ခဲ့မယ်ဆိုရင် လက်ညောင်းရကျိုးနပ်ပါတယ် ခင်ဗျာ

မိုးဇွန်

ABCD
22/04/2024

ABCD

24/05/2023

"ကာဘရီယိုမှ မက်ဟက်တန်သို့ ကန့်လန့်ဖြတ် အမေရိက ခရီး ၃"
*************************************************
'ပထမကမ္ဘာရဲ့ ကောင်းကင်ဘုံ'
ကာဘရီယိုကနေ မြောက်ဘက်ကို ဆက်သွားရင် လဟိုယာ (La Jolla) ၊ ဒယ်လ်မာ (Del Mar) တို့လို နာမည်ကျော် သူဌေးမြို့လေးတွေကို ရောက်ပါမယ်။ လဟိုယာရဲ့ အမှတ်သင်္ကေတက တောင်ကုန်းခပ်နိမ့်နိမ့်တွေပေါ်မှာ ဆောက်ထားတဲ့ စပိန်တောင်ပိုင်းစတိုင် တိုက်ပုလေးတွေ၊ ယူကလစ်ပင်တွေ၊ ခြံစည်းရိုး စက္ကူပန်းပင်တွေ၊ စင်ရော်တွေ၊ ငှက်ကြီးဝန်ပိုတွေနဲ့ ပင်လယ်ဖျံတွေပါပဲ။ ကျွန်တော် လဟိုယာဘက်ရောက်ချိန်မှာတော့ ဖျံတွေ မတွေ့ခဲ့ရပါဘူး။

ဆန်ဒီယေဂိုကို ရောက်ပြီး ဒုတိယရက်မှာတော့ ကျွန်တော် လဟိုယာဘက်ကို ရောက်ဖြစ်ခဲ့တယ်။ လဟိုယာဟာ ဆန်ဒီယေဂိုမြို့ရဲ့ မြောက်ဘက် နယ်စပ်မျဉ်းပါ။ ၇ မိုင်ရှည်ပြီး စက်ဝိုင်းကွေးသဏ္ဍာန်ရှိတဲ့ ပစိဖိတ်ကမ်းရိုးတန်းနဲ့ ရှုမျှော်ခင်းကောင်းတဲ့ တောင်ကုန်း ခပ်ပြေပြေလေးတွေကို ပိုင်ဆိုင်ထားတာက လဟိုယာရဲ့ ပြယုဒ်ပါပဲ။

လဟိုယာရပ်ကွက်လမ်းတွေထဲ လျှောက်သွားရတဲ့အရသာက အတော်မိုက်ပါတယ်။ တဖက်မှာ တောင်ကုန်းလေးပေါ် တက်နေရင်း တဖက်က ပြာလဲ့နေတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ငေးကြည့်ခွင့်ရှိနေတာက ထူးခြားတဲ့အရသာတစ်မျိုးပါပဲ။ မေမြို့မှာ လမ်းလျှောက်ရင်း ငပလီကို မြင်နေရသလိုမျိုးပေါ့။

ဒါကြောင့်လည်း ဒီဒေသဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မြို့ငယ်လေးတစ်ခု ဖြစ်လာတာပါ။ လဟိုယာက အိမ်အများစုကို ဥရောပက သူဌေးတွေက သိမ်းပိုက်ထားပြီး ဥရောပရဲ့ အေးစက်ပြင်းထန်လှတဲ့ ဆောင်းကာလတွေကို ရှောင်လွှဲဖို့ ဒီမှာလာပြီး အပန်းဖြေတတ်ကြပါတယ်။

ဒါပေမယ့် လဟိုယာဟာ လှပတဲ့ကမ်းခြေနဲ့ သူဌေးရပ်ကွက်ဖြစ်နေတယ်ဆိုတဲ့ အချက်တွေကြောင့်ချည်းသက်သက်ကြောင့် နာမည်ကျော်တာတော့ မဟုတ်ပါဘူး။ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေနဲ့ အဆင့်မြင့်နည်းပညာအခြေပြု စီးပွားရေးအဖွဲ့အစည်းတွေ အခြေစိုက်ရာနေရာဖြစ်နေတာကြောင့်လည်း နာမည်ကျော်ပါတယ်။ ကာလီဖိုးနီးယား တက္ကသိုလ်၊ ဆန်ဒီယေဂို (University of California, San Diego) ဟာ လဟိုယာမှာ တည်ရှိနေတာဖြစ်သလို ဆာ့လ်ခ် အင်စတီကျု (Salk Institute)၊ စခရစ်ပ်စ် အဏ္ဏဝါဗေဒ အင်စတီကျု (Scripps Institution of Oceanography)၊ စခရစ်ပ်စ် သုတေသန အင်စတီကျု (Scripps Research Institute) နဲ့ အမျိုးသား တက္ကသိုလ်ရဲ့ ဌာနချုပ် (Headquarters of National University) တို့ကလည်း ဒီမှာ အခြေစိုက်ထားပါတယ်။

နောက်ပြီး ကာလီဖိုးနီးယား ပြည်နယ်အစိုးရကလည်း လဟိုယာကို ရှုခင်းအလှကြည့်ရှုရာနေရာအဖြစ် သတ်မှတ်ထားတာမို့ ခရီးသွားတွေ မျက်စိကျရာ အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ဒီအရပ်မှာ ပေ ၃၀ အမြင့်ထက် ကျော်ပြီး အထပ်မြင့်အဆောက်အအုံ ဆောက်ခွင့်မပြုထားပါဘူး။ လဟိုယာတောင်ကုန်းတွေပေါ်က မြင်နေရတဲ့ သဘာဝရှုမျှော်ခင်းတွေကို အနှောင့်အယှက်ဖြစ်စေမယ့် အဆောက်အအုံတွေမှန်သမျှကို ပေးမဆောက်တဲ့ သဘောပါ။ ဒါကြောင့် ဒီနေရာမှာ ရှေးဟောင်း တိုက်ပုလေးတွေနဲ့ အလွန်အမင်း ခေတ်ဆန်မနေတဲ့ ရိုးရိုးရှင်းရှင်း အထပ်မြင့်အဆောက်အအုံတချို့သာ ရှိပါတယ်။

လဟိုယာရဲ့ နာမည်ကျော် ရက်ဒ်ဝုဒ်ကမ်းခြေ (Redwood Beach) ကို ရောက်တဲ့အခါ ထူးခြားတဲ့ အိမ်အဆောက်အအဦးတစ်ခုကို တွေ့ရပါလိမ့်မယ်။ ခေတ်မှီ အဆောက်အအုံတွေကြားထဲမှာ ထူးထူးခြားခြား တာလပတ်မိုးထားပြီး ခံတပ်ရုပ်ပေါက်နေတဲ့ နှစ်ထပ် အိမ်အိုလေးတစ်လုံးပေါ့။ အတော်စုတ်ပြတ်ဟောင်းနွမ်းနေပြီး ခြံကိုလည်း သစ်သားခြံစည်းရိုး ခပ်ကျဲကျဲခတ်ထားပါတယ်။
တကယ်တော့ ဒီအိမ်လေးဟာ လဟိုယာရဲ့ နာမည်ကျော် ရက်ဒ်ရို့စ် ဘန်ဂလို (Red Roost Bungalow) ပါပဲ။ ၁၈၉၄ ခုနှစ်ကတည်းက တည်ရှိနေတဲ့ ဒီဘန်ဂလိုလေးဟာ လဟိုယာရဲ့ အမွေအနှစ်တစ်ခုအဖြစ် နှစ်ပေါင်း ၁၂၀ နီးပါး တည်ရှိနေတာဖြစ်ပါတယ်။ လဟိုယာမှာ ဒီလိုအမွေအနှစ် အဆောက်အအုံတစ်ချို့ ဆက်လက် တည်ရှိနေပါသေးတယ်။

ကျွန်တော်တို့ဆီမှာတော့ အမွေအနှစ်အဆောက်အအုံတွေနဲ့ ရှေးဟောင်း အဆောက်အဦးတွေကို ထိမ်းသိမ်းဖို့အရေးဟာ ရုံးကန်နေရဆဲ အခြေအနေတရပ်မှာရှိနေတာမို့ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင်း အားကျရပါရဲ့။

ဘယ်လိုအခြေအနေမျိုးမှာမဆို အမေရိကန်ကို ပထမကမ္ဘာလို့ အမှတ်သညာပြုကြပါတယ်။ ဆန်ဒီယေဂိုဟာ ပထမကမ္ဘာရဲ့ အကောင်းဆုံးနေရာလို့ သတ်မှတ်ခံရတဲ့မြို့ပါ။ လဟော်ယာကတော့ အကောင်းဆုံးမြို့ထဲက ကောင်းကင်ဘုံပါပဲ။

မြို့တစ်ခွင်မှာ ဖောက်လုပ်ထားတဲ့လမ်းတွေက အတော်ကောင်းတာကြောင့် သွားရလာရ သက်သောင့်သက်သာရှိလှပေမယ့် မြို့ကြီးပြကြီးတို့ရဲ့ထုံးစံအတိုင်း ကားကျပ်တဲ့ပြဿနာကတော့ ကြုံရပါတယ်။

လဟိုယာကနေ မြောက်ဘက်ကို ၁၀ မိုင်စွန်းစွန်းလောက် ဆက်သွားရင် ဒယ်လ်မာမြို့လေးကို ရောက်ပါတယ်။ ဒီမြို့က ကမ်းခြေမြို့လေးဖြစ်ပြီးတော့ လူဦးရေ ၅၀၀၀ နီးပါးသာနေပါတယ်။ Del Mar ဆိုတဲ့စကားလုံးက စပိန်စကားလုံးပါ။ “ပင်လယ်ပြာမှ” ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒယ်လ်မာဟာ မြို့ပိစိလေးဖြစ်ပေမယ့် နှစ်စဉ်ကျင်းပတဲ့ မြင်းပွဲတွေနဲ့ ချမ်းသာသူတွေ၊ ထင်ရှားကျော်ကြားသူတွေနေထိုင်ကြတဲ့ ဇိမ်ခံအိမ်ယာစီမံကိန်းတွေကြောင့် နာမည်ကျော်တဲ့ ဒေသငယ်လေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒယ်လ်မာကို တကယ်တမ်း လူသိများစေတဲ့ အချက်က အပေါ်က အရာတွေကြောင့်တော့ မဟုတ်ပါဘူး။

ရှားပါး တိုရေးထင်းရူးပင် (Torrey Pine) တွေ ပေါက်ရောက်နေတဲ့ ပြည်နယ်အဆင့် တိုရေးထင်းရူး ထိမ်းသိမ်းတော (Torrey Pine State Reserve) ကြောင့်ပါ။ အမေရိကန်ပြည်ထောင်စုမှာ တိုရေးထင်းရူးပင်တွေ သဘာဝအတိုင်းပေါက်ရောက်ရာ အရပ် ၂ နေရာသာရှိပြီး ဒယ်လ်မာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နောက်တစ်နေရာကတော့ ဆန်တာရိုဆာကျွန်း (Santa Rosa Island) မှာပါ။

အဲ့ဒီနောက်တော့ ကျွန်တော်တို့ ဒယ်လ်မာကနေ ကိုရိုနာဒိုကို ခရီးဆက်ပါတယ်။ ဒယ်လ်မာနဲ့ ကိုရိုနာဒိုက ၃၂ မိုင်လောက် ဝေးပါတယ်။ တကယ်တမ်းက ဒယ်လ်မာနဲ့ ကိုရိုနာဒိုဆိုတာ တောင်နဲ့မြောက်ပါ။ ဆန်ဒီယေဂိုကို တခေါက်ပြန်ဖြတ်ပြီး သွားရတဲ့ ခရီးဖြစ်ပါတယ်။

ကိုရိုနာဒိုကျွန်းဆွယ်ပေါ်က ကိုရိုနာဒိုမြို့လေးဟာ ဆန်ဒီယေဂိုမှာ လူချမ်းသာတွေနေတဲ့ နောက်ထပ် နေရာ တစ်ခုပါပဲ။ ကိုရိုနာဒိုဟာ ကာဘရီယိုအငူနဲ့ ဆန်တီယေဂို မြို့လယ်ခေါင်တို့ရဲ့ကြားက ပင်လယ်ပြင်ထဲမှာ ထီးထီးကြီးတည်ရှိနေတဲ့ ကျွန်းဆွယ်တခုဖြစ်ပါတယ်။

ကိုရိုနာဒိုက လာဟိုယာလို အမြင့်ပိုင်း ဧရိယာမဟုတ်ပဲ မြေညီမြေပြန့်နေရာဖြစ်ပြီး ကျယ်ပြန့်ပြီး လှပတဲ့ ပစိဖိတ်ကမ်းခြေလည်းရှိပါတယ်။ အပန်းဖြေစခန်းမြို့တစ်ခုပေါ့။ ဒီမြို့က ၁၈၈၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ မြို့ငယ်လေးဖြစ်ပါတယ်။ ကိုရိုနာဒိုဆိုတဲ့ နာမည်ကတော့ မြို့မဖြစ်လာခင် ၁၆၀၂ ခုနှစ်ကတည်းက မှည့်ခေါ်ခံထားရတာမို့ မြို့နာမည်က လူနေမြို့ထက် နှစ် ၂၀၀ ကျော်ပိုစောနေတဲ့ ထူးထူးဆန်းဆန်းမြို့တစ်ခုပါ။

နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုက မြို့နေလူဦးရေက ဆက်တိုက်ကျဆင်းနေတာပါပဲ။ ၂၀၀၀ ခုနှစ်တုန်းက ဒီမြို့မှာ လူဦးရေ ၂၄၀၀၀ လောက်ရှိပေမယ့် ခုတော့ ၁၈၀၀၀ လောက်ပဲ ရှိကြပါတော့တယ်။

ကိုရိုနာဒိုဟာ လှပတဲ့ကမ်းခြေနဲ့ ကမ်းခြေပတ်လမ်းရှိတဲ့ မြို့လှလှလေးတစ်ခုလို့ ဆိုလို့ရပါတယ်။ ကိုရိုနာဒိုကမ်းခြေဟာ အမေရိကရဲ့ အကောင်းဆုံး အလှဆုံး ကမ်းခြေလို့ ဆိုကြပါတယ်။ ကမ်းခြေတစ်လျှောက် တန်ဖိုးကြီး စံအိမ်ကြီးတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။

ဒီကမ်းခြေပတ်လမ်းတစ်လျှောက်မှာ အမေရိကတစ်လွှားက ထိပ်သီး သူဌေးတစ်ချို့ရဲ့ ဒေါ်လာသန်းချီတန် စံအိမ်ကြီးတွေကို ကမ်းခြေတစ်လျှောက်အပြိုင်အဆိုင်တွေ့နိုင်သလို ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အငယ်အနှောင်းကိစ္စ အပုပ်နံ့တွေ မကြာခန စတင်ထွက်ပေါ်ရာ နေရာလည်းဖြစ်ပါတယ်။

အထူးသဖြင့် မိန်းမကြောက်ရသလို မျှာလည်းပွေတယ်လို့ နာမည်ကြီးတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့ ဇာတ်လမ်းဟာ ဒီဒေသရဲ့ လူပြောအများဆုံးပုံပြင်ပါပဲ။ ကလင်တန်ဟာ သူ သမ္မတဖြစ်ဖို့ ရွေးကောက်ပွဲ ကုန်ကျစားရိတ် ငွေကြေးတွေ အဓိက ပံ့ပိုးပေးခဲ့တဲ့ သူဌေးကြီးတဦးရဲ့ ဇနီးနဲ့ ဇာတ်လမ်းတွေရှိခဲ့တာပါ။

ဒီလို ဇာတ်လမ်းတွေရဲ့ အများစုဟာ ကိုရိုနာဒို ဟိုတယ် (Hotel del Coronado) နဲ့ အမြဲပတ်သက်နေတတ်တယ်။ မြို့ရဲ့ သမိုင်းဝင်နေရာမှာ ၁၈၈၈ ခုနှစ်ကတည်းက တည်ဆောက်ထားတဲ့ ဒီဟိုတယ်က သစ်သားကို အများဆုံးသုံးပြီး တည်ဆောက်ထားတဲ့ ဝိတိုရိယခေတ်လက်ရာ အဆောက်အအုံကြီးပါ။ လှပခန်းနားလွန်းလှသလို သမိုင်းဝင် အမွေအနှစ်နေရာအဖြစ်လည်း ၁၉၇၇ ခုနှစ်ကတည်းက သတ်မှတ်ခံထားရပါတယ်။ ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာ မကြာခနပါဝင်တတ်ပါတယ်။ နောက်ပြီး ဒီဟိုတယ်ကို American Automobile Association က လည်း Four Diamond အဆင့် Rating သတ်မှတ်ပေးထားတာပါ။ ကမ္ဘာ့အကောင်းဆုံး ဟိုတယ် ၁၀ ခု စာရင်းမှာ အမြဲစာရင်းဝင်နေတဲ့ ဟိုတယ်ဆိုလည်း မမှားပါဘူး။ ထိပ်တန်းပုဂ္ဂိုလ်တွေ မကြာခန လာရောက်တည်းခိုလေ့ရှိတဲ့ ဟိုတယ်ဖြစ်တဲ့နည်းတူ အရှုပ်အထွေးတွေလည်း များတယ်။

ကိုရိုနာဒိုမှာ လူစိတ်ဝင်စားစရာ ကိစ္စတွေ အများကြီးရှိပါတယ်။ မြို့ငယ်သလောက် အတင်းအဖျင်း ဇာတ်လမ်းတွေ အင်မတန်များတဲ့ မြို့ပါ။ ဆန်တီယေဂိုခရိုင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မြန်မာပြည်ဖွား ချင်းအမျိုးသမီး ရေဘက်ကာ ဇဟူ အသတ်ခံရတဲ့ စံအိမ်ကလည်း ကိုရိုနာဒိုကမ်းခြေမှာ ရှိခဲ့တာပါ။ ဆေးဝါးကုမ္ပဏီပိုင်ရှင် Single Father တစ်ယောက်နဲ့ စုံတွဲခုတ်နေခဲ့တဲ့ ဇဟူဟာ သူ့ချစ်သူရဲ့ ကလေးငယ် အိမ်တွင်းမတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ပြီး ၂ ရက်အကြာမှာ အိမ်ရှေ့ဝရံတာမှာ ကြိုးဆွဲချသေဆုံးနေတာကို ပတ်ဝန်းကျင်က မြင်တွေ့ခဲ့ကြရပါတယ်။ ဒေသခံရဲတွေက သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ပြီး အလျှင်အမြန် အမှုပိတ်ခဲ့သလို သူမရဲ့ ချစ်သူကလည်း သူမ သေဆုံးပြီးပြီးခြင်းမှာပဲ အိမ်ကို အလျှင်အမြန်ရောင်းချပြီး နေရာပြောင်းရွှေ့သွားခဲ့ပါတယ်။ အဆိုပါအိမ်ကို ဝယ်ယူသူကလည်း စံအိမ်ကို ချက်ခြင်းဖြိုချပြီး အသစ်ပြန်ဆောက်ခဲ့တာမို့ သက်သေဖျောက်ဖျက်ဖို့ လက်ဝါးချင်းရိုက်ပြီး ညှိနှိုင်းလုပ်ခဲ့ကြတာလို့ ဒေသခံတွေက သုံးသပ်ခဲ့ကြပါတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေကတော့ ဒါဟာ သေကြောင်းကြံစည်မှုမဟုတ်ဘူးဆိုပြီး အမှုဆက်လက်ရင်ဆိုင်ဖို့ကြိုးစားခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ၊ အမှုဖြစ်ပွားပြီး ၈ နှစ်အကြာမှာ တရားရုံးဆုံးဖြတ်ချက်နဲ့အတူ နစ်နာကြေး ဒေါ်လာ ၅.၂ သန်းရသွားခဲ့ပါတယ်။

ကျွန်တော် ကိုရိုနာဒိုဘက်ရောက်သွားချိန်မှာတော့ အဲ့ဒီစံအိမ်ကြီးရှိခဲ့တဲ့နေရာနဲ့ ကလင်တန်ရဲ့ ဇာတ်လမ်းမှာ အဓိက ပါဝင်ခဲ့တဲ့ ဟိုတယ် ဒယ်လ် ကိုရိုနာဒိုတို့ကို သွားကြည့်ခဲ့ပါသေးတယ်။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးမှာတောင် ငွေ၊ အာဏာတွေကို သုံးပြီး ဥပဒေကို လက်တလုံးခြား လုပ်နေကြပုံတွေအကြောင်းတွေးမိတော့ လူတွေဟာ ဘယ်နိုင်ငံ ဘယ်နေရာ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူ့စရိုက်၊ လူ့အတ္တကို မဖျောက်နိုင်တဲ့ သတ္တဝါတွေ ပါပဲလားလို့ သံဝေဂရမိပါရဲ့။

ဆက်ပါဦးမည် ...

မောင်မိုးဇွန်

နံနက် ၈:၅၅၊ ၂၀ ဧပြီ ၂၀၁၉

#မောင်မိုးဇွန် #တောရေးတောင်ရေး #ကာဘရီယိုမှမက်ဟက်တန်သို့
[ဤဆောင်းပါးကို Monywa Gazettte ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်]

23/05/2023

"ကာဘရီယိုမှ မက်ဟက်တန်သို့ ကန့်လန့်ဖြတ် အမေရိက ခရီး ၂"
*************************************************
'စစ်သားဟောင်းကြီးများ ဘယ်တော့မှ မသေ'
ကျွန်တော် ဆန်ဒီယေဂိုရောက်ချိန်က နွေဦးမို့ ရာသီဥတုက အတော်သာယာပြီး နေလို့ကောင်းတယ်။ ဆောင်းလေခပ်အေးတွေ ကျန်နေသေးသလို နေခြည်နွေးနွေးတွေလည်း ယှက်ဖြာနေတဲ့ကာလပေါ့။ တစ်နှစ်လုံးမှာ အသာယာဆုံးအချိန်လို့ လူတိုင်းပြောကြတယ်။

ဆန်ဒီယေဂိုကမ်းခြေဟာ မြင်သာအောင်ပြောရရင် ကလောနဲ့ ငပလီပေါင်းစပ်ထားသလိုပဲ။ ဒီဒေသမှာ နွေဦးကာလဆိုရင် လမ်းဘေးဝဲယာတွေမှာ အလေ့ကျပေါက်နေတဲ့ ခရမ်းသွေးရောင် ကာလီဖိုးနီးယားဘိန်းပန်းတွေ၊ ဒုဓလီပန်း ဝါဝါလေးတွေ၊ ပြာလဲ့လဲ့ ချီကိုရီပန်းလေးတွေပြည့်နှက်နေတတ်တယ်။

အထူးသဖြင့် ကာလီဖိုးနီးယားဘိန်းပန်း (California Poppy) လို့ခေါ်တဲ့ Eschscholzia Californica တွေဟာ မြို့ရဲ့နေရာအနှံ့မှာ အရောင်အသွေးစုံစုံနဲ့လှပလို့နေတော့တာပါပဲ။ အနီ၊ လိမ္မော်၊ အဝါနဲ့ ခရမ်းရောင်စသဖြင့် အရောင်အဆင်းအမျိုးမျိုးပွင့်တတ်တဲ့ ဒီပန်းတွေဟာ ကာလီဖိုးနီးယားပြည်နယ်ရဲ့ အထိမ်းအမှတ်ပန်းမျိုးစိတ်ပါ။ ၁၉၀၃ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပေါ့။

ကာလီဖိုးနီးယားမှာတော့ ဒီပန်းကို အလေးထားကြသလို နာမည်လည်း အမျိုးမျိုးမှည့်ခေါ်ကြပါတယ်။ Golden Poppy၊ California Sunlight၊ Cup of Gold စသဖြင့်အမျိုးမျိုးပါပဲ။ နာမည်မှာ ဘိန်းပင်ဆိုတာပါနေတဲ့အတိုင်း ဘိန်းနွယ်ဝင်အပင်ဖြစ်ပြီးတော့ ပွင့်ဖတ်တွေကို ဆေးဝါးနဲ့ အစားအစာတစ်ချို့မှာ ထည့်သွင်းအသုံးပြုကြပါတယ်တဲ့။

ကျွန်တော်တည်းခိုနေထိုင်တဲ့ ဘယ်လ်ဘိုအာရိပ်သာ (Balboa Avenue) ကနေ မြို့ရဲ့အရှေ့ဘက်ကို ထွက်တဲ့ လမ်းဘေးဝဲယာတစ်လျှောက်မှာ ကာလီဖိုးနီးယားဘိန်းပန်းတွေအပါအဝင် အလေ့ကျပန်းပင်လေးတွေ သဘာဝအတိုင်း ဖွေးဖွေးလှုပ် ပွင့်နေတတ်တယ်။

လမ်းတစ်ဖက်တစ်ချက်စီမှာ အရိုင်းပန်းတွေနဲ့အပြိုင်နေရာယူထားတာက စစ်တပ်ဧရိယာတွေနဲ့ တားမြစ်နယ်မြေဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်တွေပါပဲ။ ကိုယ်တွေတိုင်းပြည်မှာ တပ်မြေကိစ္စ ဟိုအသံဒီအသံတွေထွက်နေပေမယ့် အမေရိကမှာတော့ စစ်တပ်ရှေ့မှာ ကားတောင်ပျက်ခွင့်မရှိဘူးလို့ ဒေသခံတွေက ပြောပြကြတယ်။

နယ်စပ်မြို့ဖြစ်တဲ့အပြင် ပင်လယ်ပြင်ထွက်ပေါက်လည်းရှိတဲ့ ဆန်ဒီယေဂိုမြို့မှာ စစ်တပ်အခြေစိုက်စခန်း ၇ ခုတောင်ရှိပါတယ်။ မီရမာ လေတပ်အခြေစိုက်စခန်း (Marine Corps Air Station Miramar)၊ ပန်ဒယ်လ်တန် လေတပ်အခြေစိုက်စခန်း (Marine Corps Base Camp Pendleton)၊ ဆန်ဒီယေဂို ရေတပ် စစ်သားစုဆောင်းရေး တပ်ရင်း (Marine Corps Recruit Depot San Diego)၊ ကိုရိုနာဒို ရေတပ် အခြေစိုက် စခန်း (Naval Base Coronado)၊ ပွိုင့် လိုမာ ရေတပ် အခြေစိုက် စခန်း (Naval Base Point Loma)၊ ဆန်ဒီယေဂို ရေတပ် အခြေစိုက် စခန်း (Naval Base San Diego) နဲ့ အမေရိကန် ကမ်းခြေစောင့်တပ် စခန်း (US Coast Guard Station San Diego) တို့ပါပဲ။

ကျွန်တော်နေတဲ့ ဘယ်လ်ဘိုအာရိပ်သာနားမှာ မီရမာ မရင်းတပ်ဖွဲ့လေတပ်စခန်းရှိပြီး အိမ်ကလည်း တောင်ကုန်းခပ်မို့မို့ပေါ်မှာဆိုတော့ လက်နက်အပြည့်အစုံနဲ့ ပျံတက်လာတဲ့ F-15 Eagle တိုက်လေယာဉ်တွေကို နေ့စဉ်နဲ့အမျှ မြင်ရတွေ့ရတာပေါ့။ တကယ်တမ်းအားဖြင့် မီရမာစခန်းဟာ သမိုင်းဝင် လေ့ကျင့်ရေး တပ်စခန်းတစ်ခုဖြစ်ပြီးတော့ ဒုတိယကမ္ဘာစစ်ကာလကနေစတင်ပြီး ဒီကနေ့ချိန်အထိ လေသူရဲ စစ်သည်တော်ပေါင်းမြောက်များစွာကို လေ့ကျင့်မွေးထုတ်ပေးခဲ့တဲ့ သင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။

မီရမာမှာ ဒီထက်ပိုထူးခြားတဲ့ ကိစ္စတစ်ခုရှိနေပါသေးတယ်။ အသက် ၂၄ နှစ်အရွယ် လူပျိုချောလေး တွမ်ခရုစ်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဖြစ်သွားစေခဲ့တဲ့ Top Gun လေတပ်ရုပ်ရှင်ကို လူတော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ တကယ့် Top Gun Program ဟာ မီရမာအခြေစိုက်စခန်းမှာ တည်ရှိပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ တွမ်ခရုစ်ရဲ့ ရုပ်ရှင်ကတော့ တွမ်ခရုစ်ကိုတင် နာမည်ကြီးစေခဲ့တာမဟုတ်ပါဘူး။ အမေရိကန် ရေတပ်မှာ လေသူရဲ ပိုင်းလော့ လုပ်ဖို့ လျှောက်ထားသူအရေအတွက် ၅၀၀% တိုးသွားစေတဲ့အထိလည်း အကျိုးပြုခဲ့ပါသေးတယ်။

ခုတော့ ဒီဇာတ်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားဖြစ်တဲ့ Top Gun: Maverick ကို ပထမကားထွက်ပြီး ၃၃ နှစ်အကြာမှာ ဆက်လက်ရိုက်ကူးနေပြီဖြစ်ပါတယ်။ ကားသစ်ဟာ ၂၀၂၁ မှာ ရုံတင်မှာပါ။
နောက်ထပ်ထူးခြားတဲ့ တပ်စခန်းတစ်ခုကတော့ ကိုရိုနာဒို ရေတပ် အခြေစိုက် စခန်း (Naval Base Coronado) ပါပဲ။ အမေရိကန် အနောက်ဘက်ကမ်းခြေကို နိုင်ငံတော်သမ္မတ လာရောက်တဲ့အခါမှာ သမ္မတရဲ့ Air Force One လေယာဉ်ဟာ ဒီစခန်းမှာပဲ ရပ်နားလေ့ရှိတာကြောင့်ပါ။ နောက်ပြီး ရုပ်ရှင်တွေထဲမှာ မကြာခနမြင်တွေ့ရလေ့ရှိတဲ့ SEAL အဖွဲ့တွေနဲ့ Special Boat Units တွေဟာလည်း ဒီစခန်းထဲမှာပဲ ရှိပါတယ်။ သမ္မတလာတဲ့နေ့တွေဆိုရင် ရုံးစောစောဆင်းရတယ်လို့ အဲ့ဒီစခန်းမှာ နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အန်တီလဲ့ရဲ့ ခင်ပွန်းဖြစ်သူ အန်ကယ်က အရွှန်းဖောက်ပြောပြဖူးပါတယ်။

ဒါပေမယ့် ကိုရိုနာဒိုစခန်းကို ကျွန်တော်သဘောကျရတဲ့အချက်က ခုနကပြောပြခဲ့တဲ့ အချက်တွေကြောင့် တစ်ခုမှမဟုတ်ပါဘူး။ ဒီစခန်းကို ဆန်ဒီယေဂိုနဲ့ ကိုရိုနာဒို မြို့ငယ်လေးတို့အကြားက ပင်လယ်ဝထဲမှာ တည်ရှိနေတဲ့ ကုန်းခေါင်ခေါင် နော့သ်အိုင်လန်းကျွန်းကြီးပေါ်မှာ တည်ဆောက်ထားတာပါ။ ကိုရိုနာဒို တံတားပေါ်ကနေဖြစ်ဖြစ်၊ ကာဘရီယိုအငူ အမှတ်တရပြတိုက်နောက်ကျောကနေဖြစ်ဖြစ် လှမ်းကြည့်ရင် ဒီကျွန်းကြီးနဲ့ ဒီတပ်စခန်းကို လှမ်းမြင်နိုင်ပါတယ်။ အတော်ကို လှတဲ့ ရှုခင်းပါ။

မြင်ကွင်း တစ်ခုလုံးကို ခြုံပြောရမယ်ဆိုရင် တစ်ဖက်မှာ ခေတ်မှီမြို့ပြအသွင်သဏ္ဍာန်တွေနဲ့ ဆန်ဒီယေဂို မြို့ဘယ်ခေါင်တည်ရှိနေမှာဖြစ်ပြီး တခြားတစ်ဖက်မှာတော့ ရိုးရှင်းလှတဲ့ ကိုရိုနာဒိုမြို့လေးရှိနေမှာပါ။ အလယ်တည့်တည့်မှာတော့ ပစိတ်ဖိတ်သမုဒ္ဒရာဆီထွက်တဲ့ ပင်လယ်ဝနဲ့ ကိုရိုနာဒိုတပ်စခန်းတည်ရှိရာ ကျွန်းပြောင်ပြောင်ကြီးပါပဲ။ ကျွန်တော်က ကာဘရီယိုအငူတောင်ကုန်းပေါ်ကနေ ဒီစခန်းရဲ့ ရှုမျှော်ခင်းကို လှမ်းကြည့်ရတဲ့ အရသာကို အင်မတန်သဘောကျခဲ့တာပါ။

ဆန်ဒီယေဂိုက သမိုင်းအစဉ်အဆက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့မြို့ ဖြစ်ခဲ့ပါတယ်။ ဒီမြို့မှာ အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းရဲ့ အကြီးဆုံး မရင်းတပ်ဖွဲ့နဲ့ ရေတပ် အခြေစိုက်စခန်းတွေ အခြေစိုက်ထားပါတယ်။ ရေတပ်စခန်းဌာနချုပ်တစ်ခုတည်းမှာတင် တပ်ဖွဲ့ဝင် ၂ သောင်းနဲ့ အရပ်သားဝန်ထမ်း ၆၀၀၀ ရှိပါတယ်။ ဆန်ဒီယေဂို မရင်းတပ်ဖွဲ့ စစ်သားစုဆောင်းရေးစခန်းဟာ တစ်နှစ်ကို တပ်သားသစ် ၂၁၀၀၀ ကို ပုံမှန် လေ့ကျင့်မွေးထုတ်ပေးနေတာပါ။

ပွိုင့်လိုမာရေတပ်စခန်းဆိုရင်လည်း ရေမြှုပ်မိုင်းနဲ့ ရေငုပ်သင်္ဘောရန်ကာကွယ်ရေးတာဝန်ယူထားရတဲ့ တပ်မဟာ ၃ ရေတပ်အုပ်စုရဲ့ တပ်မှူးအခြေစိုက်ရာစခန်းဖြစ်ပါတယ်။ ဒီစခန်းကနေ လေကြောင်းနဲ့ရေကြောင်း ကာကွယ်ရေးစနစ်တွေကို ညွှန်ကြားပါတယ်။ ဒီမြို့မှာရှိတဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု၊ ရှော့ပင်းမောလ်၊ စားသောက်ဆိုင် စတာတွေမှာ စစ်သားတွေအတွက် သီးခြားဝန်ဆောင်မှုတွေ ရှိတယ်။

ဆန်ဒီယေဂို အပါအဝင် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းက မြို့ကြီးတွေရဲ့ ဖွံ့ဖြိုးလာမှုသမိုင်းမှာ တပ်နဲ့ တပ်မိသားစုဝင်တွေရဲ့ ပါဝင်ပတ်သက်မှုက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သမိုင်းပညာရှင် ဂရက်ဂ် ဟန်နဆေး (Greg Hennessey) က ရေးသားခဲ့ဖူးတယ်မဟုတ်လား။

ဒေသရဲ့ နာမည်ကျော် ရပ်ကွက်ကြီးတစ်ခုဖြစ်တဲ့ ပွိုင့်လိုမာရိပ်သာ (Point Loma Avenue) ဘက်မှာဆိုရင် ရေတပ်ကပိုင်ဆိုင်ထားတဲ့နေရာက အချက်အခြာအကျဆုံးဧရိယာဖြစ်ပါတယ်။ အဲ့ဒီမှာ အရာရှိရိပ်သာတွေ အခိုင်အမာ ဆောက်ထားတာပါ။

နာမည်ကျော် ခရီးသွားဧရိယာတစ်ခုဖြစ်တဲ့ ကာဘရီယိုကျွန်းဆွယ်မှာဆိုလဲ ကမ်းခြေစောင့်တပ်ဖွဲ့ အခြေစိုက်ထားပြီး မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေ မရှိတာကြောင့် ဖုန်းလိုင်းမမိပါဘူး။
နောက်ပြီး ဆန်ဒီယေဂိုရဲ့ ထူးခြားချက်က အမေရိကရဲ့ ထိပ်သီးမြို့ကြီးတွေထဲမှာ တရုတ်တန်းမရှိတဲ့မြို့ ဖြစ်နေတာပါပဲ။ အာရှနွယ်ဖွား ၁၀% ကျော်နေထိုင်တဲ့ မြို့မှာ တရုတ်တန်းမရှိတာဟာ အင်မတန် ထူးခြားတဲ့အချက်ပါ။ ဒါကလည်း စစ်တပ်မြို့မို့ ပေးမတည်တာလို့ ပြောကြတာမျိုးတွေ ရှိပါတယ်။ နယူးယောက်ခ်မှာဆို တရုတ်တန်းချည်း ၂ ခုတောင်ရှိတာပါ။

ဆန်ဒီယေဂိုကို ရောက်ရောက်ခြင်း နောက်ထပ် သတိထားမိတာက မြို့တစ်ခွင်လုံးမှာ အမှိုက်မရှိတာပါပဲ။ ဒီအချက်ကို ဒေသခံတွေကလည်း အတော်ဂုဏ်ယူကြပါတယ်။ အရှေ့ဘက်ကမ်းခြေ နယူးယောက်ခ်သွားဖို့ရှိနေတဲ့ ကျွန်တော့်ကို နယူးယောက်ခ်မှာဆို ရန်ကုန်နဲ့နင်လားငါလား နေရာတွေ မြင်ရလိမ့်မယ်လို့ အိမ်ရှင်တွေက သတိပေးပါတယ်။ အထူးသဖြင့် တရုတ်တန်းဘက်မှာတဲ့။

အိမ်ဈေး မြေဈေးကြီးပြီး ကြေးရတက်လူတန်းစားအများစုနေထိုင်ကြတဲ့ ဆန်ဒီယေဂိုရဲ့ မြို့တဝက်လောက်က ဆိတ်ငြိမ်တဲ့တောင်ပေါ်မြို့လေးနဲ့တူပေမယ့် တခြားတဝက်ကတော့ အမေရိကရဲ့ ထိပ်တန်းမြို့တော်တစ်ခုပီပီ ခေတ်မှီဖွံ့ဖြိုးလှတဲ့ မက်ထရိုဧရိယာကြီးပါ။

ကာဘရီယို အထိမ်းအမှတ်ကျောက်တိုင်ရှိရာ တောင်ကုန်းထိပ်ကနေကြည့်ရင် ဆန်ဒီယေဂို မြို့လယ်ခေါင်ကို ရင်သပ်ရှုမောဖွယ် မြင်ရပါလိမ့်မယ်။ မိုးထိအောင်မြင့်လှတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ ခေတ်မှီမြို့ပြဖွဲ့စည်းမှုပုံစံကို ဒီတောင်ကုန်းပေါ်ကနေ စိတ်အေးလက်အေး ထိုင်ကြည့်ရတာဟာ စိတ်ချမ်းမြေ့စရာ အခိုက်အတန့်ပါ။

ကာဘရီယိုကနေ ဆန်ဒီယေဂိုမြို့ဆီ ပြန်တော့ လမ်းမှာ ဖို့တ် ရို့စ်ခရမ်စ် အမျိုးသား စစ်သင်္ချိုင်း (Fort Rosecrans National Cemetery) ကို ဖြတ်ပြီးပြန်ရပါတယ်။ ၁၈၈၂ ခုနှစ်ကတည်းက ရှိနေတဲ့ ဒီသင်္ချိုင်းဟာ ၃၁ ဧက ကျယ်ပြီး နယ်နမိတ်ပတ်ပတ်လည်ကို တိုင်းကြည့်မယ်ဆိုရင် ၁၀ မိုင်ကျော်ရှိပါတယ်။ ကာဘရီယိုလမ်းမကျယ်ကြီးရဲ့ တဖက်တချက်စီမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စု စစ်တပ်အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား ၁ သိန်းကျော်ရဲ့ အုတ်ဂူတွေကို စီတန်းနေရာချထားတာပါ။

ပစိဖိတ်သမုဒ္ဒရာကိုမေးတင်နေတဲ့ ကုန်းကမူလေးပေါ်မှာ စစ်သားဟောင်းကြီးတွေ လဲလျောင်းနေကြပြီး မိသားစုဝင်တွေရဲ့ အမှတ်တရ ပန်းစည်းလေးတွေကို ဟိုတခုဒီတခု မြင်ရတာက လွမ်းစရာပါပဲ။

မြစိမ်းရောင် မြက်ခင်းပြင်ကမ္ဗလာနဲ့ ပြာလဲ့လဲ့သမုဒ္ဒရာတို့ရဲ့ အနားသတ်မျဉ်းပေါ်မှာ သူတို့တွေ ငြိမ်းချမ်းစွာ အနားယူနေကြတာကိုမြင်ပြီး ကိုယ့်တိုင်းပြည်က လက်နက်ကိုင်တိုက်ပွဲတွေမှာ အယူအဆအသီးသီးအတွက် လက်နက်စွဲကိုင်တိုက်ခိုက်ကြရင်း အသိအမှတ်ပြုမှုမရှိပဲ လူမသိ သူမသိ ကျဆုံးသွားသူတွေအကြောင်း ကျွန်တော် တွေးနေမိပါတယ်။ ခရီးသွားဖော်တယောက်ကတော့ စစ်သင်္ချိုင်းကြီးကိုကြည့်ရင်း ဒါကမှ တကယ့်ကို ငြိမ်းချမ်းစွာ အနားယူခြင်း အစစ်လို့ ပြောဆိုသံကို အမှတ်မထင်ကြားလိုက်မိပါတယ်။

ကျွန်တော်ကတော့ ဗိုလ်ချုပ်ဒေါက်ဂလပ်စ် မက်အာသာ (General Douglas MacArthur) ရဲ့ စစ်သားဟောင်းကြီးများ ဘယ်တော့မှမသေ (Old soldiers never die) ဆိုတဲ့စကားကိုပဲ နားထဲ အထပ်ထပ်စွဲထင်နေမိတော့တာပါ။

သင်္ချိုင်းအုတ်ဂူတွေထဲက စစ်သားကြီးတွေဟာ သေဆုံးသွားကြပြီဖြစ်ပေမယ့် သူတို့ကို အမှတ်ရမှုတွေ အသိအမှတ်ပြု ဂုဏ်ပြုမှုတွေနဲ့ သက်ဆိုင်သူတွေရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေကြဆဲဖြစ်ပါတယ်။

ဆက်ပါဦးမည် ...

မောင်မိုးဇွန်

နံနက် ၄:၁၄ ၊ ၁၄.၄.၂၀၁၉

#မောင်မိုးဇွန် #တောရေးတောင်ရေး #ကာဘရီယိုမှမက်ဟက်တန်သို့
[ဤဆောင်းပါးကို Monywa Gazettte ဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်]

Address

No. 36, Sakawar (5)st, Htawonbe Ward, North Okkalapa Tsp
Yangon

Alerts

Be the first to know and let us send you an email when Mg Moe Zon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mg Moe Zon:

Share

Category

My Story

Hi, I'm Mg Moe Zon. I’ve started my writing career life in 2012. Since I’ve joined to The Voice weekly as a journalist. Being a journalist for 3 years, I’ve write the total number of 1000 articles including news and investigated news about investment, energy, financial, ICT and telecommunication sectors. Furthermore, I’ve also dealt with a lot of significant persons/authorities. My biggest strength would be in the area of reporting and writing (business, technology and investment). My another area of strength is my written skills as I am freelance article writer and publish my articles in some of the local media.