12/08/2025
တောရေးတောင်ရေး -
ဒီနေ့ X သုံးရင်း ကိုယ်ဝင်ကြည့်နေကျ World Statistics ဆိုတဲ့အကောင့်မှာ WHO ရဲ့ သုတေသနစာတမ်းတစ်ချို့ကို အခြေခံပြီးပြောထားတဲ့ Post လေးတစ်ခု တွေ့မိတယ်။ အဲဒီ ပို့စ်ထဲမယ်ပြောထားတာက မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အမျိုးသားတွေ စီးကရက်သောက်သုံးမှုနှုန်း ဒုတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်ပါတယ်တဲ့။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ 70.2% လို့ဆိုပါတယ်။ နံပါတ် ၁ နေရာမှာရှိနေတာက အင်ဒိုနီးရှား (70.5%) ဖြစ်ပါတယ်။
ပို့စ်မှာဖော်ပြထားတာတွေက လွန်ခဲ့တဲ့ ၂၀၂၀ မတိုင်ခင်က အချက်အလက်တွေနဲ့ အစီရင်ခံစာတွေဖြစ်တာမို့ အချက်အလက်တွေက ဒီကနေ့ခေတ်မှာ ကိုက်ညီမှုရှိချင်မှရှိလိမ့်မယ်။ ဒါပေမယ့် အများကြီးတော့ သွေဖယ်သွားဖွယ်ရာသိပ်မရှိသေးဘူး။
ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်မှာတုန်းက ပြည်တွင်းမှာရှိတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး တိုက်ဖျက်ရေးကိစ္စတွေကို Awareness လုပ်နေတဲ့ Local NGO အဖွဲ့အစည်းတစ်ခုက ဦးစီးဦးဆောင်ပြုနေသူတွေနဲ့ မကြာခဏဆိုသလို စကားတွေပြောဖြစ်ခဲ့တယ်။ အလုပ်သဘောအရရော၊ ပါဆင်နယ်အရရောပေါ့။ အဲဒီပုဂ္ဂိုလ်ကြီးတွေက ပြည်တွင်းမှာ ဆေးလိပ်နဲ့ ကွမ်းယာလိုအရာတွေ သုံးစွဲနှုန်းကျဆင်းအောင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ကြုံရတဲ့အခက်အခဲတွေအကြောင်း မကြာခဏဆိုသလို ပြောပြကြတယ်ဆိုပါတော့။ အာဏာပိုင်အစိုးရတွေရဲ့ ပေါ်လစီပိုင်းဆိုင်ရာ စွက်ဖက်မှုတွေရော၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ လက်တလုံးခြား Marketing Activities တွေရော၊ ဆေးလိပ်နဲ့ကွမ်းယာကို ကြိုက်လို့ လက်ခံသုံးစွဲနေသူတွေရဲ့ ဆန့်ကျင်မှုတွေ စသဖြင့် စသဖြင့်ပေါ့လေ။
ဒီနေရာမှာကြုံလို့ပြောရမယ်ဆိုရင် မြန်မာပြည်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကိစ္စ ပေါ်လစီတွေကို တကယ်ကိုင်တွယ်တာက MOH မဟုတ်ဘူး။ ကုန်သွယ်ရေးရယ်၊ ဟိုတယ်နဲ့ခရီးရယ်က ကိုင်တွယ်တာပါတဲ့။ သူတို့ပြောပြတော့မှ ကိုယ်တောင် အတော်လေး အံ့အားသင့်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းတွေ ရှိပေမယ့် အဲဒါတွေက Confidential တွေမို့ထားလိုက်ပါတော့။
နောက်ထပ် ပြဿနာတစ်ခုက အထက်မှာပြောခဲ့သလိုပဲ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကုမ္ပဏီတွေ၊ V**e ကုမ္ပဏီတွေကိုယ်တိုင်က ပုံမှားရိုက်ထားတဲ့ Marketing နည်းလမ်းတွေနဲ့ သုံးစွဲသူတွေကိုရော၊ ဆေးလိပ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေကိုပါ လှည့်စားလာတဲ့ကိစ္စပါ။ အဲဒါကတော့ ကိုယ်တိုင်ကိုကြုံခဲ့ရတာလေးဗျ။ တစ်ခါတုန်းက နိုင်ငံတစ်ကာ NGO ကြီးတစ်ခုက ဆေးလိပ်ဆန့်ကျင်ရေး ဘာညာဆိုပြီး Survey တွေ၊ Awareness campaign တွေလုပ်ဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Funding တစ်ခုချပေးပါလေရော။ ကိုယ်လည်းပိုင်ပြီဟဲ့ဆိုပြီး Funding ကိုဝင်လျှောက်ဖို့ပြင်ပြီး နောက်ဆုံး Stage ရောက်တော့မှ အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က Donor က နိုင်ငံတကာထိပ်တန်း ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ V**e ထုတ်တဲ့ကုမ္ပဏီဖြစ်နေပြီးတော့ V**e market ကို ချဲ့ထွင်ဖို့ CSR ယောင်ယောင်ဘာယောင်ယောင်နဲ့ Donor ဝင်လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ပရောဂျက်လည်း ပျက်ရောပေါ့။ အဲဒါမျိုးတွေလည်း ရှိသေးတယ်ဗျ။
နောက်တစ်ချက်ကကျတော့ ဆေးလိပ်တို့ ခုနောက်ပိုင်း V**e တို့ကို တိုက်ဖျက်ရာမှာ သက်ဆိုင်ရာနယ်ပါယ်က Stakeholder တွေကိုယ်တိုင် အင်တိုက်အားတိုက် ပါဝင်လေ့မရှိတာပဲ။ -င်ကနေ မီးခိုးငွေ့ထွက်အောက် ဆေးလိပ်သောက်တဲ့ ကျန်းမာရေးဝန်တွေ မကြာခဏမြင်ခဲ့ဖူးသလို၊ ဆေးလိပ်အစားထိုးဆိုပြီး V**e ပြောင်းသောက်နေတဲ့လူတွေလည်း မြင်ခဲ့ဖူးတယ်။ ဘယ်လိုမှလည်း တားမရ၊ V**e က ဘေးကင်းတယ် ဆေးလိပ်လိုမဟုတ်ဘူးဆိုပြီး အတင်းအကန် ခံငြင်းတာတောင် ခံရဖူးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ နိုင်ငံတကာမှာ ကျန်းမာရေးဆိုင်ရာ ပေါ်လစီတွေချနေတဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက ထိပ်တန်းအရာရှိ ဆရာဝန်ကြီးတစ်ယောက်က Chain Smoker ဖြစ်နေတာလည်း သိခဲ့ရရဲ့။ ဆိုတော့ ဘယ်လိုပြောကြမတုန်း။
ဆိုတော့ ဒီလိုမျိုးကိစ္စတွေကရှိနေတဲ့အခါကျတော့ အရွယ်လွန် လူကြီးတစ်သိုက်နဲ့ ဖွဲ့ထားတဲ့ မြန်မာပြည်မှာတစ်ခုတည်းသာရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတိုက်ဖျက်ရေး အဖွဲ့အစည်းလေးဟာလည်း သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ရုံးကန်နေရတာ မဆန်းလှဘူးပဲ ဆိုရမှာပဲပေါ့။
လူတွေကို ဆေးလိပ်မသောက်နဲ့ ကွမ်းယာမစားနဲ့လို့ ပြောတော့ပြောနေပေမယ့် အဲဒါကလွဲပြီး ကျန်တာဘာမှဆက်မဖြစ်လာတော့ ထိရောက်မှုလည်း မရှိဘူးပေါ့။ တကယ်တော့ ဆေးလိပ်နဲ့ ကွမ်းယာဖြတ်တယ်ဆိုတာက တစ်မျိုးတစ်သာဘာနည်းလမ်းလို့ ပြောရမလားပဲ။ ဆရာဝန်သွားပြပြီးဖြတ်လည်း ဆေးလိပ်ဆက်မသောက်နဲ့တော့၊ ကွမ်းထပ်မစားနဲ့တော့ဆိုတာပြောပြီးရင် သူတို့လည်း ဘာဆက်လုပ်ပေးရမယ်မသိကြတာများတယ်။ တကယ်တော့ ဆေးလိပ်နဲ့ ကွမ်းယာဖြတ်တာက သုံးစွဲမှုကိုရပ်လိုက်ရုံနဲ့တင်မပြီးပါဘူး။ နောက်ပိုင်းမှာ Primary Care လုပ်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းက Psychosocial Support အဆက်မပြတ်ပေးရမယ့် အပိုင်းတွေပါနေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဒါနဲ့ပတ်သက်ပြီး မသိထားတဲ့အခါ မသုံးဖို့ပဲ အထပ်ထပ်ပြောနေမိသလို ကာယကံရှင်ကလည်း ခဏတော့ မသုံးပဲနေမိပေမယ့် စိတ်ပြန်ပါလာတော့ ပြန်သုံး၊ ပြန်သောက်မိပြီး အစကိုပြန်ရောက်သွားပြန်ပါလေရော။ ဒီလိုနဲ့ ဆေးလိပ်၊ ကွမ်းယာဖြတ်တဲ့ဇာတ်လမ်းက သံသရာလည်နေတော့တာပါပဲ။ အပေါ်မှာပြောခဲ့တဲ့ Local NGO က ဦးလေးတစ်တွေပြောပြတာတစ်ခုရှိတယ်။ ကွမ်းယာဖြတ်တဲ့ကမ်ပိန်းလုပ်တဲ့အချိန်မှ ကွမ်းယာ လပိုင်းလောက်မစားတော့ရင်ကို အောင်မြင်မှုလို့ သတ်မှတ်ရတယ်တဲ့။ အလွန်ဆုံး ၆ လလောက်နေရင် ပြန်စားတာပါပဲတဲ့။ ကဲ။
ဒီလိုကိစ္စတွေ၊ အခြေအနေတွေကြောင့်လဲ မြန်မာပြည်မှာ ဆေးလိပ်သောက်တဲ့သူတွေ၊ ကွမ်းယာစားတဲ့သူတွေ၊ ခုဆိုရင် V**e သောက်တဲ့လူတွေ ယုတ်လျော့သွားလိမ့်မယ်လို့ ကျွန်တော်မထင်တာ။ ဒီအရာတွေက သူတို့ကိုယ်တိုင်ကိုယ်တင်မက ပတ်ဝန်းကျင်ကလူတွေကိုပါ ဘယ်လိုထိခိုက်နစ်နာစေတယ်ဆိုတာကို လူအများကြီးက အမျိုးမျိုးပြောခဲ့ကြလို့ ဖန်တစ်ရာထေနေအောင်ကို လူအတော်များများ သိပြီးသားအရာတွေပါ။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့လူတွေ၊ ကွမ်းစားတဲ့လူတွေ လျော့သွားသလားဆိုရင်တော့ နိုးပါလို့ပဲပြောရပါလိမ့်မယ်။ တစ်ချို့က ဒီလိုသုံးစွဲနေတာကိုတောင် ဂုဏ်ယူစရာလို တွေးနေပြောနေကြတာလည်း မြင်ဖူးပါသေးရဲ့။
ခြုံပြောရမယ်ဆိုရင် ဒီနိုင်ငံမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ V**e တွေကို တားဆီးမယ့် နည်းလမ်းမရှိဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဥပဒေရေးဆွဲထားပေမယ့် နည်းဥပဒေဆက်ထွက်လာလိမ့်မယ့်ပုံ မပေါ်ပါဘူး။ တားမယ့်သူမရှိတဲ့အပြင် တားဖို့ကြိုးစားသူတွေမှာလည်း ယက်ကန်ယက်ကန်ဖြစ်နေတော့ အသိပညာပေးနိုင်စွမ်းကအားနည်းပြီး အင်တိုက်အားတိုက် အားထုတ်နိုင်စွမ်းကဆိုရင် ပိုလို့တောင် အားနည်းလှပါသေးတယ်။ တိုင်းပြည်ရဲ့ အဘက်ဘက်က ယုတ်လျော့နေမှုတွေနဲ့ပါပေါင်းလိုက်တော့ အဲ့ဒီဘက်ကို ဘယ်သူမှ လှည့်မကြည့်သလိုတောင် ဖြစ်နေပါသေးရဲ့။
ဆိုတော့ WHO က နောက်တစ်ခါ Global Health Observatory စစ်တမ်းထပ်လုပ်တဲ့အခါမှာ မြန်မာပြည်က ကမ္ဘာပေါ်မှာ ဆေးလိပ်အများဆုံးသောက်တဲ့တိုင်းပြည် ဖြစ်ချင်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကနောက်ကိစ္စပါ။ သေချာတာကတော့ မြန်မာပြည်မှာ နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာရှင်တွေ ပိုမိုတိုးပွားလာနေတာပါပဲ။ ဒီကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းက ဆေးလိပ်ငွေ့တွေ၊ နီကိုတင်းနဲ့ ဆေးရွက်ကြီးတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကတော့ အသေအချာပါပဲ။ ကျွန်တော်တို့ ဆေးလိပ်မသောက်ရင်တောင်မှ ကျွန်တော်တို့အနီးနားက ဆေးလိပ်သောက်သူတွေကြောင့် ကျွန်တော်တို့လည်း ထိခိုက်ရပါလိမ့်ဦးမယ်။ ဒါကတော့ မလွှဲမရရှာင်သာတဲ့ ကိစ္စပဲလေ။
မောင်မိုးဇွန်
#တောရေးတောင်ရေး #1 #မောင်မိုးဇွန် #မာဖီယိုဆို