03/08/2026
မလေးရှားရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် အသိပေးနှိုးဆော်ချက်နှင့် ခွန်အားပေးစကား
လက်ရှိ မလေးရှားနိုင်ငံမှာ နေထိုင်ဖြတ်သန်းရတာ အဖမ်းအဆီး၊ အလုပ်အကိုင် ရှားပါးမှု၊ ကျန်းမာရေး အခက်အခဲ စတဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ နေ့စဉ် ရင်ဆိုင်နေရတယ်ဆိုတာကို NLD-LA (Malaysia) အနေနဲ့ အပြည့်အဝ နားလည်စာနာမိပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျစရာတွေ ရှိလာနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ မြန်မာညီအစ်ကိုမောင်နှမတွေအနေနဲ့ ဇွဲမလျှော့ဘဲ ဆက်လက် အားတင်းထားကြဖို့ အထူးပဲ ခွန်အားပေး တိုက်တွန်းချင်ပါတယ်။ အမှောင်မိုက်ဆုံးအချိန်ဟာ မိုးလင်းခါနီးအချိန်ဖြစ်လို့ အချင်းချင်း ရိုင်းပင်းကူညီရင်း အတူတကွ ကျော်ဖြတ်ကြပါစို့။ 🤝
ဒီကနေ့မှာတော့ မိဘပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့ အချက်အလက်တွေကို မျှဝေပေးချင်ပါတယ်။
၁။ 🌐 UNHCR Help Website အသစ်မှတစ်ဆင့် ဒုက္ခသည်အဖြစ် လျှောက်ထားခြင်း
UNHCR အနေနဲ့ လက်ရှိမှာ Help Website အသစ်ကို ပြောင်းလဲအသုံးပြုနေပြီ ဖြစ်ပါတယ်။ UNHCR အထောက်အထား လုံးဝမရှိသေးသူတွေ၊ အသစ်လျှောက်ထားလိုသူတွေအနေနဲ့ မည်သည့်ပွဲစား၊ ကြားခံလူကိုမျှ ငွေပေးစရာမလိုဘဲ တိုက်ရိုက် လျှောက်ထားနိုင်ပါပြီ။
ယခု ဝက်ဘ်ဆိုက်အသစ်မှတစ်ဆင့် လျှောက်ထားမည်ဆိုပါက အောက်ပါအထောက်အထားများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည် -
• မှတ်ပုံတင် (ရှိလျှင်) (သို့မဟုတ်)
• အိမ်ထောင်စုစာရင်း (မှတ်ပုံတင် မရှိပါက) (သို့မဟုတ်)
• နိုင်ငံကူးလက်မှတ် (Passport)
• ကိုယ်တစ်ပိုင်း ဓာတ်ပုံ (Passport Size Photo)
• အရေးအကြီးဆုံးအချက် - လျှောက်ထားသူကိုယ်တိုင် လက်ရှိအသုံးပြုနေသည့် ကိုယ်ပိုင် Gmail အကောင့် မဖြစ်မနေ လိုအပ်ပါသည်။
ဤလျှောက်ထားမှုကို အွန်လိုင်းမှတစ်ဆင့် ဖုန်းဖြင့် မိမိကိုယ်တိုင် လျှောက်ထားနိုင်သလို၊ ကိုယ်တိုင် မလျှောက်တတ်၍ ကျွန်တော်တို့ NLD-LA ရုံးသို့ လာရောက်အကူအညီတောင်း လျှောက်ထားမည်ဆိုလျှင်လည်း လူကိုယ်တိုင် လာရောက်ရန် အထူး အကြံပြုလိုပါသည်။ အကြောင်းရင်းမှာ ရုံးတွင် လာရောက်လျှောက်ထားလျှင်လည်း လျှောက်ထားသူ လက်ရှိအသုံးပြုနေသော ဖုန်းထဲရှိ Gmail ထဲသို့သာ အတည်ပြုကုဒ် (Verification Code) ပို့ပေးမည် ဖြစ်သောကြောင့် ဖုန်းယူဆောင်၍ လူကိုယ်တိုင် လာရောက်မှသာ အဆင်ပြေချောမွေ့မည် ဖြစ်ပါသည်။
📌 မိမိကိုယ်တိုင် လျှောက်ထားရန်လင့်ခ် - https://help.unhcr.org/malaysia/ (ဝက်ဘ်ဆိုက်ထဲသို့ဝင်၍ မိမိအချက်အလက်များကို အမှန်အကန် ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ UNHCR ဝန်ဆောင်မှုအားလုံးသည် အခမဲ့ (Free) သာ ဖြစ်ပါသည်။)
၂။ ⚠️ UNHCR လျှောက်ထားပြီး ကြာမြင့်နေသူများအတွက် အထူးအသိပေးချက်
UNHCR သို့ လျှောက်ထားတာ နှစ်ချီကြာနေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေး၍ စိုးရိမ်ပူပန်နေကြသူများ ရှိပါသည်။ ဒီလို Appointment (ရက်ချိန်း) မရဘဲ ကြန့်ကြာနေရတဲ့ အဓိက အကြောင်းရင်းတချို့ကတော့ -
• ဆက်သွယ်၍မရခြင်း - တချို့က လျှောက်ထားစဉ်က ပေးခဲ့တဲ့ ဖုန်းနံပါတ်တွေကို လက်ရှိမှာ မသုံးတော့ပါဘူး။ ဖုန်းနံပါတ် ပြောင်းသွားတဲ့အခါ UNHCR က ဆက်သွယ်လို့မရတော့တဲ့အတွက် Personal Information (ကိုယ်ရေးအချက်အလက်) ကို မဖြစ်မနေ Update လုပ်ဖို့ လိုအပ်ပါတယ်။
• လက်ရှိအခြေအနေကို အသိမပေးခြင်း - လျှောက်ထားပြီးနောက်ပိုင်း မလေးရှားမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို UNHCR ထံ အသိမပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒုက္ခသည်အဖြစ် လျှောက်ထားသူ အရေအတွက် အလွန်များပြားတဲ့အတွက် UNHCR အနေနဲ့ တချို့ကို ဆက်သွယ်လို့ရပြီး တချို့ကို ဆက်သွယ်လို့မရ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လျှောက်ထားသူဟာ မလေးရှားမှာ တကယ်ပဲ ရှိနေသေးရဲ့လား၊ အကူအညီ လိုအပ်နေသေးလားဆိုတာကို သူတို့ဘက်က သေချာသိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် UNHCR အကြောင်းပြန်စာ စောင့်ရသည်မှာ အလွန်ကြာမြင့်နေသူများအနေဖြင့် မိမိ၏ အမှုတွဲနှင့် ပတ်သက်၍ အောက်ပါ အပြောင်းအလဲများ ရှိလာပါက -
• ဖုန်းနံပါတ် ပြောင်းလဲခြင်း
• အိမ်လိပ်စာ ပြောင်းရွှေ့ခြင်း
• အိမ်ထောင်ကျခြင်း၊ ကလေးမွေးဖွား၍ မိသားစုဝင်အသစ် တိုးလာခြင်း
• လက်ရှိ မြေပြင်တွင် ရင်ဆိုင်နေရသော အခက်အခဲများနှင့် နောက်ဆုံးအခြေအနေများ (ဥပမာ - အသက်အန္တရာယ်စိုးရိမ်ရသော ကျန်းမာရေးပြဿနာရှိလာခြင်း၊ ပြင်းထန်သော အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရခြင်း၊ အကာအကွယ်မဲ့နေသော သက်ကြီးရွယ်အို/ကိုယ်ဝန်ဆောင်များ ဖြစ်လာခြင်း)
ထိုအခြေအနေများကို UNHCR ထံသို့ အမြန်ဆုံး အသိပေးရန် အလွန်အရေးကြီးပါသဖြင့် ညီအစ်ကိုမောင်နှမများအနေဖြင့် NLD-LA (Malaysia) ရုံးသို့ ကိုယ်တိုင် လာရောက်ပြီး Data Update (အချက်အလက် အဆင့်မြှင့်တင်ခြင်း) လုပ်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
ကျွန်ုပ်တို့ ရုံးအဖွဲ့မှ တာဝန်ရှိသူများက သင်၏ လက်ရှိမြေပြင်အခြေအနေကို သေချာစွာ ဆန်းစစ်သုံးသပ်ပေးပြီး (Risk Assessment) အဖြစ် UNHCR သို့ ကူညီချိတ်ဆက် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
၃။ 🗓️ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်မတိုင်မီ လျှောက်ထားသူများအတွက် ဖုန်းခေါ်ဆိုရန်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်ခင်ကတည်းက လျှောက်ထားခဲ့ပြီး ယခုချိန်ထိ Appointment (ရက်ချိန်း) မရသေးသူများအနေဖြင့် 017-6143810 သို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ (Wednesday) တိုင်း နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအတွင်း ဖုန်းခေါ်ဆို၍ ရက်ချိန်း တောင်းခံရမည် ဖြစ်ပါသည်။
🚫 အထူးသတိပေးချက် 🚫
UNHCR မှ တရားဝင်ပေးထားသော Appointment (ရက်ချိန်း) မရှိဘဲ UNHCR ရုံးရှေ့သို့ လုံးဝ (လုံးဝ) သွားရောက်ခြင်းမပြုရန် အထူးသတိပေးအပ်ပါသည်။ မိမိအမှုတွဲနှင့် ပတ်သက်၍ UNHCR သို့ အသိပေး အကြောင်းကြားလိုသည်များ ရှိပါက သက်ဆိုင်ရာ ကွန်မြူနတီ (Community) ရုံးများမှတစ်ဆင့် တရားဝင် စာပို့တင်ပြခြင်းကိုသာ လုပ်ဆောင်သင့်ပါသည်။
ထို့ကြောင့် NLD-LA (Malaysia) အသင်းဝင်များအနေဖြင့် အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ အချက်အလက်များ Update လုပ်ဆောင်လိုသည်များ ရှိပါက ရုံးသို့ လူကိုယ်တိုင် လာရောက်၍ အကူအညီ တောင်းခံနိုင်ပါသည်။
အားလုံးပဲ ဘေးကင်းလုံခြုံစွာဖြင့် ရည်မှန်းချက် ပန်းတိုင်ဆီသို့ မဆုတ်မနစ် လျှောက်လှမ်းနိုင်ကြပါစေ။
NLD-LA (Malaysia)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) - မလေးရှား