Myanmar Embassy Bangkok

Myanmar Embassy Bangkok Myanmar Embassy Bangkok

10/01/2025

မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ငန်း (၄) မျိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးခြင်း
(၁၀-၁-၂၀၂၅)

၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံး၊ ဗန်ကောက်၌ တွဲဖက်တာဝန်ထမ်းဆောင်ကာ အောက်ပါ လုပ်ငန်းစဉ် (၄) မျိုးကို မကြာမီကာလတွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-
(က) မိဘ၏ အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံ နိုင်-၂) တွင် သားသမီးအမည်စာရင်း ထည့်သွင်းခြင်း၊
(ခ) အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဉပဒေနှင့်အညီ ထုတ်ပေးခြင်း၊
(ဂ) အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ထုတ်ပေးခြင်း၊
(ဃ) အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များ ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့် စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်း၊
၂။ တစ်မျိုးချင်းစီအတွက် လိုအပ်သော စာရွက်စာတမ်း၌ ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံးတွင် ၆ လတာ ကာလတွဲဖက်လုပ်ကိုင်ပေးခြင်းဖြစ်သဖြင့် မိမိတို့၏ (၁၀) နှစ်ပြည့်အထက် ကလေးများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိနိုင်မည့် အခွင့်အရေးကို မိဘများအနေဖြင့် လက်လွတ်မခံကြရန် နှိုးဆော်အပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

07/01/2025
20/12/2024
ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား မြန်မာလုပ်သားများသိစေရန် ထပ်ဆင့်အသိပေးခြင်း(၁၃-၁...
13/12/2024

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား မြန်မာလုပ်သားများသိစေရန် ထပ်ဆင့်အသိပေးခြင်း
(၁၃-၁၂-၂၀၂၄)
၁။ ပုံမှန်မဟုတ်သောအခြေအနေတွင်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများ (ထိုင်းနိုင်ငံသို့ တရား မဝင် ဝင်ရောက်လာသော နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ရပြီးမှ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ) အတွက် ထိုင်း နိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာန၏ စီမံခန့်ခွဲမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) "ပထမအဆင့်၊ အလုပ်ရှင် ငှားရမ်းမှုလိုအပ်ချက်ဆိုင်ရာ အမည်စာရင်းတင်သွင်းခြင်း"။ အမည်စာရင်း (name list) တင်သွင်းခြင်းသည် ၁၆-၁၂-၂၀၂၄ ရက်မှ ၃၀-၁၂-၂၀၂၄ ရက် အထိ ၁၅ ရက် ကာလဖြစ်ပါသည်။
(ခ) "ဒုတိယအဆင့်၊ ကျန်းမာရေးအာမခံနှင့် ကျန်းမာရေးစစ်ဆေးခြင်း"။ နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) လျှောက်လွှာတင်သောအခါတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး တရားဝင်ကျန်းမာရေးလက်မှတ်နှင့် ကျန်းမာရေးအာမခံ စာရင်းသွင်းအထောက်အထားတို့ကို ပူးတွဲ၍ တင်သွင်းရမည်ဖြစ်ပါသည်။ အဆိုပါ နိုင်ငံခြားသားများသည် မည်သည့်အစိုးရဆေးရုံ၌မဆို၊ သို့မဟုတ် အလုပ်အကိုင်ဦးစီးဌာန မှ ခွင့်ပြုကြေငြာထားသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ပါသည်။ အလားတူ လူမှုဖူလုံရေးဆိုင်ရာလိုအပ်ချက်များမှ ကင်းလွတ်ခွင့် ရှိသည့် စီးပွားရေးလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများသည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ သို့မဟုတ် အလုပ်အကိုင်ဦးစီးဌာနမှ အတည်ပြုထားသည့် အာမခံကုမ္ပဏီမှတစ်ဆင့် ကျန်းမာရေးအာမခံ စာရင်းသွင်းရန် ရွေးချယ်နိုင်ပါသည်။ ကဏ္ဍနှစ်ခုလုံးအတွက် အချက်အလက်များကို အလုပ်အကိုင်ဦးစီးဌာန၏ website တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။
(ဂ) "အလုပ်လုပ်ကိုင်ခွင့်ပါမစ်လျှောက်ထားခြင်း"။ ရက်ပေါင်း ၉၀ ကြာမြင့်မည့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်လျှောက်ထားကာလသည် နာမည်စာရင်းတင်သွင်းမှုကာလ ကုန်ဆုံးပြီး နောက် ချက်ချင်းစတင်မည်ဖြစ်ပါသည်။ ၃၁-၁၂-၂၀၂၄ ရက်တွင်စတင်ပြီး ၃၀-၃-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(ဃ) "စာရွက်စာတမ်းပြန်လည်စိစစ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ်"။ ရက် ၃၀ ကြာ စာရွက်စာတမ်းပြန်လည်သုံးသပ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ်ကာလသည် အလုပ်ပါမစ် လျှောက်ထားကာလပြီးဆုံးသည့် နောက်နေ့တွင် စတင်မည်ဖြစ်ပါသည်။ ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၉-၄-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(င) "တတိယအဆင့်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) စုဆောင်းခြင်း"။ ရက် ၉၀ ကြာမြင့်မည့် ဇီဝဆိုင်ရာအချက်အလက်စုဆောင်းခြင်းလုပ်ငန်းစဉ်သည် နိုင်ငံခြားသားများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားကာလနောက်ဆုံးရက်၏ နောက်တစ်နေ့ ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၈-၆-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(စ) "ကိုယ်ရေးကိုယ်တာမှတ်တမ်းများ မှတ်ပုံတင်ခြင်း"။ နိုင်ငံခြားသားများသည် မည်သည့် ကိစ္စပင်ရှိစေကာမူ အလုပ်ပါမစ်၏ သက်တမ်း ၁ နှစ်အတွင်း ထိုင်းနိုင်ငံ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာန၊ သို့မဟုတ် ဗန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ထံ ၎င်းတို့၏ ကိုယ်ရေး ကိုယ်တာမှတ်တမ်းများကို မှတ်ပုံတင်ရမည်။ ဆိုလိုသည်မှာ ၃၁-၃-၂၀၂၅ ရက်မှ စတင်ခွင့်ပြုသည့် အလုပ်ပါမစ် ပထမဆုံးနေ့မှစ၍ ၃၁-၃-၂၀၂၆ ရက်အထိ တစ်နှစ်ကာလအတွင်း မှတ်ပုံတင်ရန် ဖြစ်ပါသည်။
၂။ ၁၃-၂-၂၀၂၅ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်မည့် ပုံမှန်နိုင်ငံခြားအလုပ်သမား များ (နိုင်ငံကူးလက်မှတ်၊ CI စာအုပ်ကိုင်ဆောင်ထားသူများ) အတွက် စီမံခန့်ခွဲမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးလျှောက်ထားသည့် နိုင်ငံခြားသားတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများနှင့်အတူ အလုပ်လိုအပ်ချက်အမည်စာရင်း (name list) ကို ၁၃-၂-၂၀၂၅ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသော လမ်းကြောင်းမှတစ်ဆင့် အတည်ပြုချက် လျှောက်ထားရယူနိုင်သည်။
(ခ) အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေး စစ်ဆေးမှုနှင့် ကျန်းမာရေးအာမခံ လိုအပ်ချက်တို့သည် ယခု နိုင်ငံခြားသားအလုပ်သမားအမျိုးအစားအတွက်လည်း အကျုံးဝင်ပါသည်။
(ဂ) လိုအပ်သော လုပ်ထုံးလုပ်နည်းများ အားလုံးဆောင်ရွက်ပြီးမြောက်ပါက နိုင်ငံခြားသား အလုပ်သမားများအား (၂) နှစ် အလုပ်လုပ်ခွင့်ပါမစ် ခွင့်ပြုပေးမည်ဖြစ်ပါသည်။
(ဃ) (၂) နှစ် သက်တမ်း ပြည့်မြောက်ပါက နိုင်ငံခြား အလုပ်သမားများသည် နောက်ထပ် (၂) နှစ် သက်တမ်းအတွက် အလုပ်ပါမစ် သက်တမ်းတိုးလျှောက်ထားနိုင်ပါသည်။

၃။ အလုပ်ရှင်ပြောင်းခြင်းအတွက် သက်တမ်းတိုးခြင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်အကိုင်စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့် B.E. 2560 ပုဒ်မ ၅၂ ၊ ပုဒ်မ ၅၅ နှင့် ၎င်း၏ ပြင်ဆင်ချက်များအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရှိသည့် MOU နိုင်ငံခြားသားများကို အလုပ်ရှင်အသစ်သို့ ပြောင်းလဲရန် ရက်ပေါင်း ၃၀ သက်တမ်းခွင့်ပြုထားပါသည်။
(ခ) သို့သော် ၂၄-၉-၂၀၂၄ ရက်နေ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနဆိုင်ရာ အမိန့်ကြော်ငြာစာတွင် အထက်ဖော်ပြပါသက်တမ်းကို အလုပ်ရှင်အဟောင်းနှင့် အလုပ်ရပ်စဲ သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးခွင့်ပြုထားပါသည်။
(ဂ) ယင်းသက်တမ်းတိုးကာလသည် ၁၃-၂-၂၀၂၉ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
၄။ အလုပ်အကိုင်အချက်အလက် အသိပေးချက်မှ ကင်းလွတ်ခွင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ယခုအခါ ပုဒ်မ ၅၉၊ ၆၂၊ ၆၃၊ ၆၃/၁၊ ၆၃/၂ နှင့် ၆၄ တို့အရ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားသားများသည် တော်ဝင်အမိန့်စာ ပုဒ်မ ၆၄/၂ အရ ၎င်းတို့၏ အလုပ်အကိုင်အချက်အလက်အစီရင်ခံရန် လိုအပ်ချက်မှ ကင်းလွတ်ခွင့်ပေးထားပါသည်။
(ခ) အဆိုပါ ကင်းလွတ်ခွင့်သည် ယင်းသို့အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော နိုင်ငံခြားသားများအတွက် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်နှင့် အလုပ်လုပ်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပါသည်။
(ဂ) မည်သို့ပင်ဆိုစေကာမူ အထက်ဖော်ပြပါ ကင်းလွတ်ခွင့်သည် အလုပ်ရှင်များ အပြောင်း အလဲဖြစ်ခြင်း၊ သို့မဟုတ် ထပ်တိုးခြင်း စသည့် အလုပ်အကိုင်ဆိုင်ရာ အချက်အလက် အစီရင်ခံခြင်းတို့အပေါ် ကင်းလွတ်ခွင့်မရှိပါ။
(ဃ) ကင်းလွတ်ခွင့်သည် ၁၃-၂-၂၀၂၉ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
၅။ အထက်ဖော်ပြပါအချက်အလက်များသည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင် ဦးစီးဌာနမှ ပေးပို့လာသော အချက်အလက်များဖြစ်ပါသည်။
၆။ မြန်မာလုပ်သားအများစုသည် အကျိုးဆောင်ကုမ္ပဏီ၊ အကျိုးဆောင်အဖွဲ့အစည်း၊ အကျိုးဆောင် ပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယုံကြည် စိတ်ချရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ကို လေ့လာရှာဖွေဆောင်ရွက်ကြရန် သတိပေးလိုပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

07/12/2024

စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ အသိပေးခြင်း
(၇-၁၂-၂၀၂၄)

၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် နှင့် CI ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအတွင်း (၂) နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်မည်ဖြစ်ရာ နိုင်ငံကူးလက်မှတ်များ နှင့် CI စာအုပ်များ သက်တမ်းတိုးရန် လိုအပ်လာပါသည်။
၂။ နိုင်ငံကူးလက်မှတ်စာအုပ်များအနေဖြင့် (၂) နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း အနည်းဆုံး ၂ နှစ် ၆ လခန့် ကျန်ရှိရန် လိုအပ်ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်၏ လက်ကျန်သက်တမ်းအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် (Work Permit / Visa) ကို ခွင့်ပြုဆောင်ရွက်ပေးမည်ဆိုပါလျှင် စာအုပ်သက်တမ်းကုန်ချိန် ရောက်ရှိပါက မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့တွင် စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဉီးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၃။ စက်ရုံ/အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူအရေအတွက် ၄၀၀ ဉီးနှင့်အထက်ရှိပါက လုပ်ငန်းမရပ်တံ့စေရေးနှင့် လုပ်သားများနေ့တွက်စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်၍ စက်ရုံ/အလုပ်ရုံနှင့် လုပ်ငန်းခွင်သို့ Mobile Team ‌စေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ လုပ်သားစာရင်းအား သတ်မှတ်ပုံစံ ဖြည့်စွက်၍ လုပ်ငန်းခွင်၏ HR Manager ထောက်ခံချက်နှင့်အတူ မြန်မာသံရုံး/ ကောင်စစ် ဝန်ချုပ်ရုံးတို့၏ ကောင်စစ်ဌာနသို့ (၉-၁၂-၂၀၂၄) ရက်နေ့မှစတင်၍ လာရောက်တင်ပြရန် လိုအပ်ပါသည်။
၄။ CI စာအုပ်များ သက်တမ်းတိုးရေးလုပ်ငန်းစဉ်အား ဆက်လက်အသိပေးသွားမည်ဖြစ်ပါသည်။
၅။ “စက်ရုံ/အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ရှိသော မြန်မာလုပ်သားများ” အနေဖြင့် ယခုဖော်ပြပါကိစ္စအား HR Manager များထံသို့ ဆက်လက်အသိပေးကြရန် လိုအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာ၊ ချမ်းသာကြပါစေ)

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း(၆-၁၂-၂၀၂၄)၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက...
06/12/2024

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း
(၆-၁၂-၂၀၂၄)
၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ “MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း ( ၂ ) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ ( ၂ ) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း ( ၄ ) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း” သိရှိရပါသည်။
၂။ အထက်ပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြ ချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရပါသည်။ မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်း ကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း ဤလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။
၃။ ၂% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ပါသည်။
၄။ သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဉီးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ပါသည်။
၅။ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ပါသည်။
၆။ အကျိုးဆောင်အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘ (၂) ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ကြောင်း အသိပေး...
18/11/2024

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘ (၂) ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ကြောင်း အသိပေးခြင်း
(၁၈-၁၁-၂၀၂၄)

၁။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၁၀)အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိဘ (၂)ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့မှစ၍ တစ်နှစ် အတွင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် အောက်ပါပုံစံများ ဖြည့်စွက်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင် နိုင်ပါသည်-
(က) ကလေးမွေးဖွားကြောင်း မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်) နှင့်အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူက မြန်မာသံရုံး၊ ဗန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သို့ လာရောက်၍ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်း (ပုံစံ နိုင်-၈) ပူးတွဲ(က)ပါအား ဖြည့်စွက်၍ လာရောက်မှတ်ပုံတင်နိုင်ပါသည်။
(ခ) ယင်းသို့မှတ်ပုံတင်ရာတွင် မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မိဘနှစ်ပါး၏ လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။ ကောင်စစ်အရာရှိများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊ နိုင်ငံတော် ပြင်ပတွင် မွေးဖွားသော နိုင်ငံသားအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်း၊ မိဘ၏ နိုင်ငံသားလက်မှတ်တွင် အမည်ထည့်သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံသားမိဘ(၂)ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်လျင် အောက်ပါစာရွက်စာတမ်းများ ပူးတွဲ(ခ)နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) အား မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့၌ လျှောက်ထားနိုင်ပါသည်-
(က) ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးအချက်အလက်ပုံစံများ (ဓါတ်ပုံကပ်လျက်)
(ခ) ကလေးမွေးစားရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)
(ဂ) မိဘ (၂)ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိဗီဇာမိတ္တူ
(ဃ) မိဘ (၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) လက်ထပ်စာချုပ်မိတ္တူ
(မိဘများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပါက အလုပ်လုပ်ခွင့်ပါမစ် မိတ္တူနှင့်အတူ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဝင်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထား မိတ္တူ လိုအပ်ပါသည်။)
၃။ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားလာမှုအပေါ် မြန်မာသံရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ထံသို့ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်ဖြစ်သဖြင့် အချိန်ကာလခန့်မှန်း (၄လ)ခန့်ကြာမြင့်နိုင်ကြောင်း အသိပေးအပ်ပါသည်။
၄။ မြန်မာနိုင်ငံသားမိဘ(၂)ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် မြန်မာနိုင်ငံကူးလက်မှတ်အသစ် (မွေးတိုး) မလျှောက်ထားဘဲ မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ဆောင်လိုပါက တစ်ခါသုံးမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (One way Certificate of Identity- CI) အား အောက်ပါအချက်အလက်များဖြင့် လျှောက်ထားရယူနိုင်ပါသည်-
(က) ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးအချက်အလက်ပုံစံများ (ဓါတ်ပုံကပ်လျက်)
(ခ) ကလေးမွေးစားရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)
(ဂ) မိဘ (၂)ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိဗီဇာမိတ္တူ၊ အလုပ်လုပ် ခွင့်ပါမစ်မိတ္တူ
(ဃ) မိဘ (၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) လေယာဉ်လက်မှတ်မိတ္တူ
(စ) ကလေးအတွက် CI လျှောက်ထားခြင်း ပုံစံ (ပူးတွဲ-ဂ)
(မိခင်သို့မဟုတ် ဖခင်တစ်ဦးဖြင့်သာ ကလေးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်မည်ဆိုပါက ကျန်မိဘတစ်ဦးက ကန့်ကွက်ရန်မရှိကြောင်း ကတိခံဝန်ချက်လိုအပ်ပါသည်။)
၅။ ပူးတွဲပါ ပုံစံလျှောက်လွှာများအား မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ အခမဲ့ရယူနိုင်ကြောင်း အသိပေးအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။)

08/11/2024

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ အသိပေးခြင်း
(၈-၁၁-၂၀၂၄)
၁။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိ(မရှိ)ဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့် အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်-
(က) ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ (မည်သည့်အထောက်အထားကိုင်ဆောင် လက်မှတ်ကိုင်ဆောင်သူမဆို)အနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀/- နှုန်းဖြင့် စုစုပေါင်း ၂၀,၀၀၀/- ထက်မပိုသော ဒဏ်ကြေးငွေအား လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ချွင်းချက် မရှိ ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ (ခ) ယင်းကဲ့သို့ သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ပါကြောင်း၊ (၁) ရက်ပေါင်း (၉၀) နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၁) နှစ်၊ (၂) (၁)နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၃)နှစ်၊ (၃) (၃) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၅)နှစ်၊ (၄) (၅) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (၁၀) နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား သတိပြုလိုက်နာခြင်းဖြင့် ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်းတို့ မဖြစ်ပွားစေရေး သတိပြုနိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။)

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား အသိပေးခြင်း(၇-၁၁-၂၀၂၄)(၁) ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စန...
07/11/2024

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား အသိပေးခြင်း
(၇-၁၁-၂၀၂၄)

(၁) ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူ များနှင့် ထိုင်းနိုင်ငံ၊ အလုပ် အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် ၅-၁၁-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီတွင် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၂) ဤသို့ တွေ့ဆုံဆွေးနွေးရာတွင် ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
(၃) ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်သည်ဖြစ်ရာ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင်ပါကြောင်း ထပ်မံအသိပေး အပ်ပါသည်။
(၄) CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီးဖြစ်ပြီး မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။)

လုပ်ခလစာများ လွယ်ကူစွာ လွှဲပို့နိုင်ကြောင်း အသိပေးခြင်း(၃၁-၁၀-၂၀၂၄)၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်...
31/10/2024

လုပ်ခလစာများ လွယ်ကူစွာ လွှဲပို့နိုင်ကြောင်း အသိပေးခြင်း
(၃၁-၁၀-၂၀၂၄)
၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအနေဖြင့် မိမိ မိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များစာရင်း၊ အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ ငွေလွှဲနိုင်သည့်အဖွဲ့အစည်းများစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီဖြစ်ပါသည်။
၃။ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင်ပါသည်။ ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရှိရပါသည်။
၄။ မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် အောက်ပါအတိုင်း ခွင့်ပြုပေးနေပါသည်-
(က) ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) - တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊
(ခ) ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ - တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုး နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း။
၅။ အထက်ဖော်ပြပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ပါသည်။ (အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ၏ ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
၆။ လွှဲပို့ငွေများ ဆုံးရှုံးမှုမရှိစေရန်မှာ အရေးကြီးသဖြင့် ဘဏ်များမှတစ်ဆင့် အဆင်ပြေ ချောမွေ့စွာ ပေးပို့နိုင်ပြီဖြစ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ)

23/10/2024

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း
(၂၃-၁၀-၂၀၂၄)
၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်အရ-
(က) ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင် နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်၊ ခွင့်ပြုချက် ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ (၁) နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်။
(ခ) MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် စီမံချက်ဖြစ်ရာ ဆက်လက်၍ (၂) နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်၊ ဆက်လက်၍ (၂) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄) နှစ် ခွင့်ပြုမည်။
(ဂ) နိုင်ငံခြားသားအလုပ်သမားများအတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန် ကာလကို ယခင်က ရက် (၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ် ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်း ခြင်းကိုသာ ဖြည့်စွက်ရန် ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကို လည်း ကင်းလွတ်ခွင့်ပြုလိုက်သည်။
၂။ သို့ဖြစ်၍ MoU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏ နိုင်ငံကူး လက်မှတ်တွင် သက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိရေး၊ CI စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် လည်း သက်တမ်း ၂ နှစ်ခန့် ကျန်ရှိစေရေး ပြုလုပ်ထားရန် လိုအပ်ပါသည်။
၃။ နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သက်တမ်းကုန်/ သက်တမ်းမပြည့်မီ သော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ)

15/10/2024

သီတင်းကျွတ်ရုံးပိတ်ရက်ကြေညာခြင်း
(၁၅-၁၀-၂၀၂၄)

မြန်မာသံရုံး၊ ဗန်ကောက်မြို့အနေဖြင့် သီတင်းကျွတ်အခါသမယ၊ မြန်မာ ရုံးပိတ်ရက်များ ဖြစ်သော ၁၆-၁၀-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) မှ ၂၀-၁၀-၂၀၂၄ ရက် (တနင်္ဂနွေနေ့) အထိ သံရုံး၊ ရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိအကြောင်းကြားအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ၊ သီတင်းကျွတ်အခါသမယတွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံပါစေ)

မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်၍ ထောက်ခံစာ မပြုလုပ်သူများ သတိပြုရန် အသိပေးခြင်း(၉-၁၀-၂၀၂၄)၁။ မြန်မာသံရုံး (ဗန်ကောက်) ...
09/10/2024

မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်၍ ထောက်ခံစာ မပြုလုပ်သူများ သတိပြုရန် အသိပေးခြင်း
(၉-၁၀-၂၀၂၄)
၁။ မြန်မာသံရုံး (ဗန်ကောက်) သည် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် လည်းကောင်း၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ဖြင့်လည်းကောင်း ရောက်ရှိနေသူများအား အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးနိုင်ရန် လိုအပ်သည့် ထောက်ခံစာ ပြုလုပ်ပေးလျက်ရှိပါသည်။
၂။ ထောက်ခံစာ ပြုလုပ်ပေးရာတွင် နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက်ကျန်ရှိသူများကိုသာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ၇ ရက်မကျန်ရှိသူများ၊ သက်တမ်းကျော်လွန်နေထိုင်သူများကို လုံးဝ (လုံးဝ) ပြုလုပ်ပေးခြင်း မပြုကြောင်း အသိပေးထားပြီး ဖြစ်ပါသည်။
၃။ ရက်ကျော်လွန်နေထိုင်သူအချို့သည် ယခုအခါ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လာရောက်ပြီး မြန်မာသံရုံး၏ ထောက်ခံစာအတု (အတု) ဖြင့် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုများ ရှိနေကြောင်း သက်ဆိုင်ရာမှ အသိပေးလာပါသည်။ (အောက်တွင်ဖော်ပြထားသော ထောက်ခံစာ)
၄။ ထောက်ခံစာနှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် နိုင်ငံတကာသံရုံးများသည် သက်ဆိုင်ရာနိုင်ငံ၏ ဌာနများသို့ မိမိသံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားပြီးဖြစ်ပါသည်။
၅။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံများ၏ ဌာနများအနေဖြင့် ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြပါသည်။
၆။ နောင်တွင် အတုအပပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဉပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၇။ အောက်ဖော်ပြပါ Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူအနေဖြင့် မြန်မာသံရုံး (ဗန်ကောက်) သို့ လာရောက်သတင်းပို့ရန်နှင့် ရှင်းလင်းရန် လိုအပ်ပါသည်။ ၂၅-၁၀-၂၀၂၄ ရက်နေ့အတွင်း မလာရောက်ပါက ဤနိုင်ငံကူးလက်မှတ်အား Null and Void ကြေညာဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ)

ที่อยู่

110, Sathorn Nua Road
Bangkok
10500

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Embassy Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Embassy Bangkok:

แชร์