16/08/2026
၂၀၂၆ ခုနှစ်၊ ဩဂုတ် (၁၇)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ကရင်နီပြည်တပ်မနေ့သို့ ပေးပို့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ်၏ သဝဏ်လွှာ
ချစ်ခင်လေးစားရပါသော ကရင်နီပြည်တပ်မတော်မှ အရာရှိအရာခံများ၊ အကြပ်စစ်သည်များ၊ ကရင်နီ အမျိုးသားခုခံတော်လှန်ရေး အဖွဲ့ဝင်များနှင့် မိဘပြည်သူအပေါင်းတို့ -
ယနေ့ကျရောက်သော (၇၈)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခါသမယတွင် ပါတီဗဟို ဌာနချုပ်မှ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ဘေးဘယာအပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း ဦးစွာ ပထမ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုကို ကျူးကျော် တိုက်ခိုက်လာသော ရန်သူတို့အား ခုခံတွန်းလှန်ရန်အတွက် ကရင်နီပြည်ထောင်စုလွတ်လပ်သော တပ်မတော် (United Karenni State Independent Army - UKSIA) အမည်ဖြင့် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့တွင် စတင်တည်ထောင် ခဲ့သော ကရင်နီပြည်တပ်မတော်သည် ယနေ့အချိန်အထိ ကရင်နီပြည်သူတို့၏ အမျိုးသားရေး ရည်မှန်းချက်များကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။ ပြည်သူလူထု၏ လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်နှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ပေးခဲ့သည်သာမက၊ မျိုးဆက်အဆက်ဆက်၏ ဇွဲ၊ သတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် အနစ်နာခံမှုများဖြင့် ကရင်နီအမျိုးသားစိတ်ဓာတ်ကို ဆက်လက်ရှင်သန် ခိုင်မာစေခဲ့ပါသည်။
(၇၈)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ကို ဂုဏ်ပြုအပ်ပါသည်။ ကရင်နီပြည်တပ်မတော်၏ (၇၈)နှစ် တာ ခရီးလမ်းတစ်လျှောက်တွင် အသက်၊ သွေးနှင့် ခန္ဓာကို ပေးလှူခဲ့ကြသော တပ်ဖွဲ့ဝင်များနှင့် တပ်ဗိုလ် တပ်မှူးများ၊ တော်လှန်ရေး၏ ဒုက္ခဝေဒနာများကို ကြံ့ကြံ့ခံကာ စွန့်လွှတ်အနစ်နာခံခဲ့ကြသော မိသားစုဝင်များအားလုံးကို အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း ကရင်နီပြည်တပ်မတော်သည် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး လူထုတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အာဏာရှင်စနစ်အောက်မှ လွတ် မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါသည်။ ထို့အပြင် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးခြင်းဖြင့် ကရင်နီပြည်ရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကိုပါ အထောက်အကူဖြစ်စေခဲ့ပါသည်။
ကရင်နီအမျိုးသားတို့၏ ဘုံအနာဂတ်ကို ရှေ့ရှုလျက် မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်သူနှင့်အတူရပ်တည်ခြင်း၊ ပြည်သူကို သစ္စာစောင့်သိခြင်း၊ တော်လှန်ရေးအင်အားစုများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့သည် ခုခံ တော်လှန်ရေးအောင်မြင်ရန် အရေးကြီးသော အခြေခံအချက်များ ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့တွင် ကရင်နီပြည်တပ်မတော်သည် ပြည်သူလူထုနှင့်အတူ စည်းလုံးညီညွတ်စွာ၊ တာဝန်ယူမှုရှိစွာနှင့် ရေရှည်အမြော်အမြင်များဖြင့် အမျိုးသားရေးတာဝန်များကို ဆက်လက် ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကရင်နီပြည်သူလူထု၏ မျှော်မှန်းချက်များနှင့် အညီ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် တန်းတူညီမျှရေးတို့ကို အခြေခံသည့် ကရင်နီပြည်၏ အနာဂတ်ကို တည်ဆောက်ရာတွင် ပြည်သူတစ်ရပ်လုံးနှင့်အတူ ကျရာတာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း ဤသဝဏ်လွှာဖြင့် (၇၈)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ကို ဂုဏ်ပြုအပ်ပါသည်။
ပါတီဗဟိုဌာနချုပ်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ