03/09/2026
"စာအုပ်အညွှန်း"
ယခုတစ်ပတ် မိတ်ဆွေတို့အတွက် ညွှန်းဆိုပေးချင်သည့် စာအုပ်မှာ ထူးခြားဆန်းသစ်ပြီး လျှို့ဝှက်ဇာတ်လမ်းများကို ဖန်တီးလေ့ရှိသည့် စာရေးဆရာ သိုးဆောင်း ၏ "ခေါင်ရန်းပန်းတို့ပွင့်နေပြီ" လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် ဝတ္ထုဖြစ်ပါသည်။ စာအုပ်မျက်နှာဖုံးတွင် မြင်တွေ့ရသည့် ပုံရိပ်ကပင် စာဖတ်သူကို ဆွဲဆောင်မှုအပြည့်ပေးနေပြီး ဆရာသိုးဆောင်း၏ ထုံးစံအတိုင်း အလှည့်အပြောင်းများဖြင့် ဖန်တီးထားသော ဝတ္ထုဖြစ်ပါသည်။
ဤဝတ္ထု၏ ဇာတ်အိမ်မှာ အောင်မြင်ကျော်ကြားသော ဇာတ်ညွှန်းရေးဆရာ "နှောင်းနေ" နှင့် သူ၏ဇနီးဖြစ်သူ "မေနှစ်ကုန်"၊"စိမ်းလဲ့"တို့ သားအမိ၊ စိတ်ကျန်းမာရေးဆရာဝန်၊ ဈေးသည်မိသားစု တို့ကိုအခြေခံကာ ရေးထားပါသည်။ သူတို့နေထိုင်ရာ တိုက်ခန်း၏ အထက်ဘက် ငါးလွှာသို့ "စိမ်းလဲ့" ဆိုသည့် မိန်းကလေးတစ်ဦး ပြောင်းရွှေ့လာရာမှတစ်ဆင့် ဇာတ်ရှိန်က တဖြည်းဖြည်း မြင့်တက်လာပြီး လူသားတို့၏ သံသယစိတ်၊ လျှို့ဝှက်ချက်များနှင့် လူမှုဆက်ဆံရေး အကျပ်အတည်းများကို စိတ်ဝင်စားဖွယ်ဖော်ထုတ်ပြသထားပါသည်။ ဇာတ်လမ်းထဲတွင် လူသားတို့၏ အတွင်းစိတ်ခံစားချက်များ၊ မာနများ၊ အမှားနှင့်အမှန်အကြား ရုန်းကန်ရမှုများကို စိတ်ဝင်စားဖွယ် လေ့လာမှတ်သားနိုင်မည်ဖြစ်သည်။ ဆက်ဆံရေးတစ်ခုအတွင်း အပြန်အလှန် ပွင့်လင်းမြင်သာမှုမရှိဘဲ သံသယများ ကြီးထွားလာသောအခါ ဖြစ်ပေါ်လာတတ်သည့် အကျိုးဆက်များကို သင်ခန်းစာယူစရာ တွေ့မြင်ရမည်ဖြစ်ပါသည်။
🌦️ထို့ကြောင့် ဤစာအုပ်ကို လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းများကို စိတ်ဝင်စားသူများနှင့် လူသားတို့၏ စိတ်အခြေအနေကို စိတ်ဝင်စားသူများ မပျက်မကွက် ဖတ်ရှုသင့်ပါသည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဝတ္ထုကောင်းတစ်အုပ်ကို ရှာဖွေနေသည့် စာချစ်သူများနှင့် အချစ်၊ သံသယ၊အတ္တ၊ မာနနှင့် လျှို့ဝှက်ချက်တို့၏ အားပြိုင်မှုကို ခံစားကြည့်ရှုနိုင်ရန်အလို့ငှာ ညွှန်းဆိုပေးလိုက်ရပါသည်။
🌐The Space စာကြည့်တိုက်မှာ-အပတ်စဉ်တနင်္လာနေ့ မှသောကြာနေ့အထိ၊ နေ့စဉ် နံနက် ၉ နာရီမှညနေ ၅ နာရီ အထိ လာရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာ။ စာကြည့်တိုက် အဖွဲ့ဝင်ကတ်ပြုလုပ်၍လည်း ငှားရမ်းဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ။