05/07/2026
ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝမှာ
“လိုတုန်းကသုံး၊ မလိုတော့ရင် ဖယ်ထား” ခံရတဲ့
အခြေအနေမျိုးတွေကို လူတိုင်း ကြုံဖူးကြမှာပါ။
လူ့အဖွဲ့အစည်း၊ လုပ်ငန်းခွင် (ဒါမှမဟုတ်)
မိတ်ဆွေအပေါင်းအသင်း အသိုင်းအဝိုင်းတစ်ခုခုမှာ
ကိုယ်က “လိုအပ်ချက်တစ်ခုကို
ဖြည့်ဆည်းပေးရုံ သက်သက်”
အသုံးတော်ခံ ဖြစ်နေပြီလို့ ခံစားရတဲ့အခါ
အဲ့ဒီအခြေအနေကို ရဲရဲဝံဝံ ကျောခိုင်းလိုက်ဖို့
လိုအပ်လာပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ်ဟာ
လိုသုံးဖြစ်နေပြီလားဆိုတာကို သတိပြုမိဖို့ လိုပါတယ်။
သူတို့မှာ အခက်အခဲရှိမှ၊ အကူအညီလိုမှ
ကိုယ့်ကို သတိရတတ်ကြတယ်။
အဆင်ပြေနေတဲ့ အချိန်တွေမှာတော့
ကိုယ်ဟာ သူတို့ရဲ့ ကမ္ဘာထဲမှာ
မရှိသလို ဖြစ်နေတတ်တယ်။
ကိုယ့်ရဲ့ စေတနာ၊ အချိန်နဲ့ လုပ်အားတွေကို
တန်ဖိုးမထားဘဲ အလကားရတဲ့ အရာတစ်ခုလို
သဘောထားတတ်ကြတယ်။
အကူအညီပေးခြင်းနဲ့ အသုံးချခံရခြင်းဟာ
စည်းပါးပါးလေးပဲ ခြားပါတယ်။
တချို့သူတွေက စေတနာကို အခွင့်ကောင်းယူပြီး
ကိုယ့်ကို အသုံးချတာမျိုးတွေ ရှိတတ်ပါတယ်။
“လိုသုံး”တွေကို ကျောခိုင်းလိုက်တယ်ဆိုတာ
စိတ်ဆိုးမာန်ဆိုးနဲ့ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး
ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာမျိုး မဟုတ်ပဲ
ကိုယ့်ရဲ့ တန်ဖိုးကို
ကိုယ်တိုင် ပြန်လည်သတ်မှတ်ပြီး
ငြိမ်းချမ်းစွာ နောက်ဆုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။
မျှော်လင့်ချက်အမှားတွေ
အားနာမှုအမှားတွေကြောင့်
ပေးခဲ့ရတဲ့ စိတ်သောကတွေ
ချက်ချင်း လျော့ကျသွားပါလိမ့်မယ်။
ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေအတွက်
ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို
ကိုယ့်ရဲ့ တိုးတက်မှုနဲ့
ကိုယ့်ကို တကယ်ချစ်တဲ့သူတွေအတွက်
ပြန်လည် အသုံးချနိုင်ပါလိမ့်မယ်။
မနိုင်ဝန်ထမ်းရတဲ့ ကူညီမှုမျိုး
ကိုယ့်ကို ဒုက္ခရောက်စေမယ့် ကူညီမှုမျိုးဆိုလျှင်
"No" လို့ ငြင်းပယ်တတ်တဲ့ အလေ့အကျင့်ဟာ
ဘဝအတွက် အရေးကြီးတဲ့ အရည်အချင်းတစ်ခု
ဖြစ်လာပါလိမ့်မယ်။
ကျောခိုင်းတဲ့နေရာမှာ အမု,န်းပွားစရာ မလိုသလို
ရှင်းလင်းချက်တွေ အရှည်ကြီး
ပေးနေဖို့လည်း မလိုပါဘူး။
ဒီတစ်ခါတော့ မအားလို့ မကူညီနိုင်တော့ဘူး
စသဖြင့် ယဉ်ကျေးပျော့ပျောင်းစွာနဲ့
ပြတ်ပြတ်သားသား ငြင်းဆိုပါ။
ငါကူညီလိုက်ရင်
သူတို့ ငါ့အပေါ် ကောင်းလာမှာပဲဆိုတဲ့
အတွေးဟာ အပြည့်အဝ မမှန်နိုင်ပါဘူး။
အချို့သူတွေရဲ့ ဗီဇဟာ လိုမှသုံးတတ်တာမို့
ပြောင်းလဲဖို့ ခက်ခဲပါတယ်။
ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့
ကိုယ့်ကို လေးစားတဲ့ မိတ်ဆွေစစ်တွေနဲ့ပဲ
အချိန်ကုန်ဆုံးပါ။
ဘဝဟာ တိုတိုလေးပါ။
ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ အပိုပစ္စည်း
(ဒါမှမဟုတ်) အဆင်ပြေမှ သုံးမယ့် "လိုသုံး"
တစ်ခု မဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်ရဲ့ စေတနာကို တန်ဖိုးမထားပဲ
လိုသုံးသက်သက်ပဲ သဘောထားတဲ့ ဆက်ဆံရေးတွေ
ပတ်ဝန်းကျင်တွေကို မြင်အောင်ကြည့်ပြီး
ရဲရဲဝံဝံ ကျောခိုင်းလိုက်ပါ။
သင် ကျောခိုင်းလိုက်တဲ့နေ့ဟာ
သင့်ကိုယ်သင် ပြန်လည်တန်ဖိုးထားတတ်တဲ့
အလှပဆုံးနေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။
လေးစားစွာဖြင့် Crd:Htun-စာပေ