Mon State Defense Force - Central

Mon State Defense Force - Central Educational research centre

12/11/2025

နွေဦးတော်လှန်ရေး ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် မြန်မာပြည်ဒီမိုကရေစီ တိုက်ပွဲအဘယ့်ကြောင့်မအောင်မြင်ရသေးသနည်း?
------------------------------------------------------

၂၀၂၁ စစ်တပ်မှမတရားအာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာခဲ့သည့်နွေဦးတော်လှန်ရေးသည်၊ မြန်မာပြည်တွင်နှစ် ၇၀ ကျော်ကြာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲများအတွက် မကြုံစဖူး ထူးခြားသည့်အောင်မြင်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ရှမ်းအရှေ့မြောက်တွင် အောင်မြင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးများ၊ ရခိုင်ပြည်တွင် အောင်မြင်ခဲ့သည့် စခန်းသိမ်းမြို့သိမ်းတိုက်ပွဲများ ကရင်နီပြည်ရှိစစ်ရေးအောင်မြင်မှုများသည်၊ တနိုင်ငံလုံးအနှံ့ဖြစ်ပေါ်ခဲ့သည့်နွေဥိးတော်လှန်ရေးမပေါ်ပေါက်ခဲ့ပါက၊ထိုမျှလောက် စစ်ရေးအောင်မြင်မှု ရရှိနိုင်လိမ့်မည်မဟုတ်ပါ။

နွေဦးတော်လှန်ရေးသည်၊ နှစ်ရှည်လများရှိနှင့်ခဲ့ပြီးသားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲများအတွက်၊ စစ်ရေးအောင်မြင်မှုအတိုင်းအတာတခုအထိ ဖြစ်စေနိုင်ခဲ့သော်ငြားလည်း ၊ စစ်အာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ဖြတ်ချေမှုန်းရေး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲများသည်၊ မည်သည့်အတွက်ကြောင့် အဆုံးစွန်အောင်မြင်မှုများ မရရှိနိုင်သေးပဲ၊ ၁၀၂၇ စစ်ဆင်ရေးမှရရှိလာခဲ့သည့် အောင်မြင်မှုတချို့သည်လည်းလက်လွတ်ဆုံးရှုံးခံနေရပြီး အာဏာသိမ်းစစ်ကော်မရှင်မှ TNLA ကို ဘာကြောင့်အင်အားအလုံးအရင်းနှင့် စစ်ရေးတန်ပြန်ထိုးနှက်မှုများ ပြုလုပ်လာနိုင်ခဲ့သလဲဆိုသည့်အကြောင်းအချက်များကို ယခုဆောင်းပါးတွင် သုံးသပ်တင်ပြလိုက်ရပါသည်။

၁။ စစ်ကော်မရှင်ကို ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများတွင် ကျစ်လစ်ခိုင်မာသည့် ဗျူဟာမြောက် တပ်ပေါင်းစုတခုမဖွဲ့စည်းနိုင်ခဲ့ခြင်း

စစ်အင်အားအတော်အသင့် ရှိနေသေးသည့် ဘုံရန်သူကို ချေမှုန်းနိုင်ရေးအတွက် တနိုင်ငံလုံးအနှံ့ အရှေ့အနောက်တောင်မြောက် တိုက်ပွဲဝင်တော်လှန်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးအပါအဝင် တော်လှန်ရေးအင်အားစုများအကြားတွင် တနိုင်ငံလုံး၊ မြန်မာပြည်စစ်မြေပြင်တခုလုံးအတိုင်းအတာဆောင်သည့်၊ ကျစ်လစ်ခိုင်မာသည့် ဗျူဟာ
မြောက် တပ်ပေါင်းစုတခုဖွဲ့စည်းနိုင်ဖို့ အထူးအရေးကြီးသည်။ မည်သည့်ရန်သူမဆို တချိန်တည်းတွင်စစ်မျက်နှာတခုထက်ပိုပြီးမဖွင့်ချင်ကြပေ။ သို့ကြောင့် တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် ကျစ်လစ်ခိုင်မာသည့်တပ်ပေါင်းစုတခုဖွဲ့စည်းပြီး တနိုင်ငံလုံးအနှံ့ အချိတ်အဆက်ရှိရှိ ဟန်ချက်ညီညီ၊ ဗျူဟာမြောက်စစ်ဆင်ရေးများပြုလုပ်နိုင်ပါက၊ အခုလိုမျိုး ရန်သူမှ အင်အားအလုံးအရင်းသုံးပြီး TNLA ကိုတိုက်ခိုက်နိုင်သလိုမျိုး မဖြစ်လာနိုင်တော့ပါ။ မြန်မာပြည်စစ်မြေပြင်တခုလုံးသည် စစ်ရေးအရတခုတခုနှင့်ဆက်စပ်နေသဖြင့် TNLA ​၏ စစ်ရေးဆုံးရှုံးမှုသည်၊ မြန်မာပြည်တဝန်းလုံး အရှေ့အနောက်တောင်မြောက် အခြားစစ်ဒေသများ​၏စစ်ရေးဆုံးရှုံးမှုလည်းဖြစ်​၏။ ထို့ကြောင့် နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များ ကျစ်လစ်ခိုင်မာသည့်တပ်ပေါင်းစုတခုအမြန်ဖွဲ့စည်းဖို့လို​၏။
မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့တပ်မတော် (BIA)၊ သခင်မြဦးဆောင်သည့် ပြည်သူ့အရေးတော်ပုံပါတီ၊ သခင်စိုးဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် ရခိုင်အမျိုးသားအစည်းအရုံး၊ ကရင်ဗဟိုအဖွဲ့ချုပ်၊ အရှေ့အာရှလူငယ်များအစည်းအရုံးတို့ပါဝင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်းပြီး အောင်အောင်မြင်မြင်လှုပ်ရှားနိုင်ခဲ့သည်။

၂။ စစ်ဒေသတခု၊ တိုက်ပွဲတပွဲထက် စစ်မြေပြင်တခုလုံးအတိုင်းအတာဆောင်သည့် သေနဂ်ဗျူဟာရှိဖို့လိုအပ်

စစ်ပွဲတခုလုံး၊ စစ်မြေပြင်တခုလုံးအောင်မြင်ရေးအတွက်၊ စစ်တိုင်း၊ စစ်ဒေသအားလုံးကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီချိတ်ဆက်လှုပ်ရှားရန်အထူးလိုအပ်သည်။ ဒုတိယကမ္ဘာစစ်သမိုင်းတွင် နာဇီဂျာမန်များ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံအားလုံးလုနီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဂျာမန်စစ်ရေးခေါင်းဆောင် အီရစ် ဗွန် မန်စတိန်း၊ အာဝင် ရွမ်မဲလ် တို့၏စစ်ရေးဦးဆောင်မှုအောက်တွင် ဥရောပ၊ အာရှ၊ အာဖရိက၊ ပစိဖိတ်တိုက်ပွဲများတွင်အောင်မြင်မှုရရှိခဲ့သည်။ သို့သော်ငြားလည်း ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်းဝါး(US)၊ ဗိုလ်ချုပ်ကြီးမွန်ဂိုမာရီ (UK)တို့၏ ကျွမ်းကျင်သည့် စစ်ရေးမဟာဗျူဟာများကြောင့် စစ်ပွဲ(ဒုတိယကမ္ဘာစစ်)တခုလုံးကို အောင်မြင်ခဲ့သည်။ နာဇီဂျာမန်၊ အီတလီနှင့် ဖက်ဆစ်ဂျပန်တို့အတွက် ဥရောပ၊ အာဖရိက၊ အာရှပစိဖိတ် စစ်ဒေသတိုက်ပွဲများတွင်အောင်မြင်ခဲ့သော်လည်း ၊ ဒုတိယကမ္ဘာစစ်ကြီးတခုလုံးတွင်ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် စစ်ရေးတွင် “ Wiin battles, but lost war” တိုက်ပွဲများတွင်အောင်မြင်သည်၊ စစ်ပွဲတွင်ရှုံးနိမ့်သည်ဟုဆိုရိုးစကားရှိခဲ့သည်။ ထို့ကြောင့် မိမိတို့အတွက် ရခိုင်၊ ရှမ်းမြောက်၊ မကွေးစကိုင်း၊ ကရင်၊ ကရင်နီ စစ်ဒေသတိုက်ပွဲ (Battles)အောင်မြင်ရေးထက်၊ မြန်မာပြည်စစ်မြေပြင်တခုလုံး (War)အောင်မြင်ရေးအတွက် မဟာဗျူဟာရှိဖို့အထူးလိုအပ်သည်။

၃။ တရုတ်နိုင်ငံ၏စွက်ဖက်မှုကို လက်တွေ့ကျကျ ပြန်လည်တုံ့ပြန်ခြင်း

နောက်ဆုံးအချက်က၊ တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုနှင့်သက်ဆိုင်နေသည်။ တရုတ်နိုင်ငံ​၏ဝင်ရောက်စွက်ဖက်မှုသည် တော်လှန်ရေးအတွက်ကြီးမားသောအနှောက်အယှက်အခက်အခဲဖြစ်စေခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးမှရရှိလာခဲ့သည့်စစ်ရေးအောင်မြင်မှုအရှိန်အဟုန်သည်၊ တရုတ်​၏ဖိအား တရုတ်​၏စွက်ဖက်မှုများကြောင့် အရှိန်အဟုန်ယုတ်လျော့ခဲ့ရသည်။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့မှ MNDAA ကို ခွဲထုတ်ပြီးစစ်ကော်မရှင် (စကစ)နှင့် အပစ်အခတ်ရပ်စဲစေရေး၊ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်ပေးစေရေးနှင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးတို့သည် တရုတ်​၏စွက်ဖက်မှုကြောင့်ဖြစ်လာခဲ့ရသည်။ တရုတ်နိုင်ငံ​၏စွက်ဖက်မှုသည် မြန်မာနိုင်ငံရှိ တရုတ်​၏ရင်းနှီးမြှုပ်နှံမှုများ၊ နယ်စပ်ကုန်သွယ်ရေးအကျိုးအမြတ်များကြောင့်မဟုတ်ပဲ တရုတ်​၏ မဟာဗျူဟာမြောက် အိန္ဒိယသမုဒ္ဒရာ(Indian Ocean)စိုးမိုးရေးအစီအစဉ်ကြောင့်ဖြစ်​၏။ တရုတ်နိုင်ငံ​၏ စစ်ရေး နိုင်ငံရေး စီးပွားရေးကိစ္စရပ်များတွင် အိန္ဒိယသမုဒ္ဒရာသည် တရုတ်အတွက် အလွန်အရေးပါ​၏။ ထို့ကြောင့် တရုတ်က " Indian Ocen does not belong to India only" အိန္ဒိယသမုဒ္ဒရာသည် အိန္ဒိယကသာပိုင်ဆိုင်သည်မဟုတ်ဟု လူသိရှင်ကြားမကြာခဏပြောလေ့ရှိသည်။ တရုတ်နိုင်ငံ​၏တိုးတက်လာသည့်စီပွားရေးအတွက် မရှိမဖြစ်လိုအပ်သည့် လောင်စာဆီ အလုံအလောက်ရရှိရေး (Energy Security) သည် အိန္ဒိယသမုဒ္ဒရာအပေါ်တွင်မှီတည်နေသည်။ တရုတ်အတွက်လိုအပ်နေသော အရှေ့အလယ်ပိုင်းနိုင်ငံများမှဝယ်ယူလာသည့် ၈၀ ရာနှုန်းကျော် လောင်စာဆီများကို အမေရိကန်ရေတပ်က စိုးမိုးထားသည့် မလက္ကာရေလက်ကြားမှတဆင့် တောင်တရုတ်ပင်လယ်ကို မဖြတ်သန်းရပဲ ပဂ်လားပင်လယ်အော်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ ၇၇၁ ကီုလိုမီတာအရှည်ရှိသည့် တရုတ်-မြန်မာပိုက်လိုင်း ( Sino- Myanmar Pipelines) ဖြင့် ပို့ဆောင်လျှင် တရုတ်အတွက် တောင်တရုတ်ပင်လယ်လမ်းကြောင်းမှပို့ဆောင်မှုထက် ကီလိုမီတာ ၂၀၀၀ ကျော် သက်သာသွားပြီး အမေရိကန်ရေတပ်ကစိုးမိုးထားသည့် မလက္ကာရေလက်ကြားဖြတ်သန်းရသည်ထက်ပိုပြီးလုံခြုံ​၏။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် မြန်မာပြည်သည် တရုတ်​၏မဟာဗျူဟာအကျိုးစီးပွားအတွက်အလွန့်အလွန်အရေးပါ​၏။

တရုတ်​၏အိန္ဒိယသမုဒ္ဒရာစိုးမိုးရေးရည်မှန်းချက်ကို ဟန့်တားဖျက်ဆီးနိုင်ဖို့ အိန္ဒိယသမုဒ္ဒရာနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဂျပန်နိုင်ငံများက အမေရိကန်၊ ဩစတြေးလီးယားနိုင်ငံများနှင့်ပူးပေါင်းပြီး QUAD ( Quadrilateral Security Dialogue) အဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထို့အပြင် အင်ဒိုပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒယာကို တရုတ်စိုးမိုးမှုမှ တန်ပြန်တားဆီးနိုင်ဖို့ ဩစတြေးလီးယား၊ ယူကေ၊ အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့ကိုလည်းဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် တရုတ်​၏ မြန်မာနိုင်ငံအပေါ် စွက်ဖက်စိုးမိုးရေး၊ အင်ဒိုပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာစိုးမိုးရေးသည်၊ ပထဝီနိုင်ငံရေးအရ ဒေသအရေး၊ ကမ္ဘာ့အရေးတခုဖြစ်လာပြီဖြစ်သည့်အတွက် မိမိတို့မြန်မာ့အရေး တရုတ်စွက်ဖက်မှုကို သံတမန်ရေးမဟာဗျူဟာ နည်းဗျူဟာလမ်းကြောင်းများမှတဆင့် ဒေသအရေး၊ ကမ္ဘာ့အရေးဖြစ်လာအောင်ကြိုးစားရလိမ့်မည်။ ထို့အပြင် တရုတ်အပေါ်မှီခိုနေရမှုကို လျှော့ချနိုင်ရန် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးပိုအလေးထားသင့်သည်။ ပထဝီရေမြေအနေအထားအရ တရုတ်-မြန်မာ နယ်စပ်မျဉ်းကြောင်းသည် ၂၁၂၉ ကီလိုမီတာ ရှည်လျားပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းကြောင်းသည် ၂၄၁၄ ကီလိုမီတာ ရှည်လျားသည့်အတွက် ထိုင်း-မြန်မာနယ်စပ်က ပိုပြီးရှည်လျား​၏။ ထိို့ကြောင့် တော်လှန်ရေးအတွက် တရုတ်ထက် ထိုင်းကို ပိုပြီးချဉ်းကပ်သင့်သည်။

ခြုံပြီးသုံးသပ်ရလျှင် အထက်မှာသုံးသပ်ခဲ့သည့် အချအလက်များသည် နွေဦးတော်လှန်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီအရေးအောင်မြင်မှုအတွက်ကြန့်ကြာအဟန့်အတားဖြစ်စေခဲ့သည့် အကြောင်းအရာ အချက်အလက်များဖြစ်သည်။ မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ထိုအဟန့်အတားအားနည်းချက်များကို အမြန်ဆုံး နည်းလမ်းရှာဖြေရှင်းပြီး တော်လှန်ရေးအမြန်အောင်မြင်ရေးအတွက် ​ဆထက်ထမ်းပိုးကြိုးစားကြပါစို့။

(ဒေါက်တာသီရိမွန်ချမ်း)
မွန်ပြည်ကာကွယ်ရေးတပ် (MSDF)

ที่อยู่

Sangkhla Buri
71240

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mon State Defense Force - Centralผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท