historical burma Digital Creator..."I will present information on the culture, social customs, artistic creations, and the history of pagodas and temples of ancient Burma"

ဒီပုံတွေက  ပုဂံဆူးလေကုန်းအစုမှ အင်္ဂတေပန်းလက်ရာဖြစ်ပါတယ်။ ဆူးလေကုန်းအစု ဘုရားအမှတ်(၃၁၇)မှ ဖြစ်ပါတယ်။ ဘီလူးပန်းဆွဲ အင်္ဂတ...
07/09/2026

ဒီပုံတွေက ပုဂံဆူးလေကုန်းအစုမှ အင်္ဂတေပန်းလက်ရာဖြစ်ပါတယ်။ ဆူးလေကုန်းအစု ဘုရားအမှတ်(၃၁၇)မှ ဖြစ်ပါတယ်။ ဘီလူးပန်းဆွဲ အင်္ဂတေပန်းလက်ရာတွ အင်မတန် ကောင်းတဲ့ဘုရားဖြစ်ပါတယ်။၁၉၈၁ ခုနှစ်မှာ ဆောက်လုပ်ရေးကော်ပိုရေးရှင်း ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဘုရားရဲ့ မြောက်ဘက်မျက်နှာစာက အင်္ဂတေပန်းလက်ရာ‌တွေအတော်ကောင်းမွန်စွာ ကျန်ရှိပါသေးတာတွေ့ရပါတယ်။ ပန်းကုံးများညီးညာစွာသွယ်တန်းထားသယောင် အလွန်ကိုလက်ရာမြောက်လှပါတယ်။ အေဒီ(၁၂)ရာစုလက်ရာဖြစ်ပါတယ်။





#အင်္ဂ‌တေပန်း


#ဆူလေကုန်း

ပုဂံမှာအင်္ဂတေပန်းလက်ရာကောင်းတဲ့ အဆောက်အဦးများစွာရှိပါတယ်။ ဒီအထဲမှာမှ ဒီဘုရားဟာလူသိနည်းပြီ လူသူအရောက်အပေါက်လည်း များစွာမ...
06/09/2026

ပုဂံမှာအင်္ဂတေပန်းလက်ရာကောင်းတဲ့ အဆောက်အဦးများစွာရှိပါတယ်။ ဒီအထဲမှာမှ ဒီဘုရားဟာလူသိနည်းပြီ လူသူအရောက်အပေါက်လည်း များစွာမရှိလှပါ။ ပုဂံကအင်္ဂတေ ပန်းလက်ရာတွေအကြောင်းပြောရင် ဒီဘုရားဟာလည်း ချန်ထားလို့မရတဲ့ ဘုရားဖြစ်ပါတယ်။ အေဒီ၁၃ရာစုလက်ရာဖြစ်ပါတယ်။ တောင်ဘီရွာ အရှေ့မြောက်ဘက် ဥဆောက်ပန်းဘုရားစုကပါတယ်။ ဘုရားအမှတ်က(၂၀၈၀)ဖြစ်ပါတယ်။





#အင်္ဂ‌တေပန်း

"နတ်လှောင်ကျောင်း"ဒီပုံတွေကတော့ လွန်ခဲ့တဲ့နှစ်၁၀၀‌ကျော် (၁၉၁၁-၁၂)က ASI မှရိုက်ကူးခဲ့သော  နတ်လှောင်ကျောင်းပုံရိပ်တွေဖြစ်ပ...
05/09/2026

"နတ်လှောင်ကျောင်း"

ဒီပုံတွေကတော့ လွန်ခဲ့တဲ့နှစ်၁၀၀‌ကျော် (၁၉၁၁-၁၂)က ASI မှရိုက်ကူးခဲ့သော နတ်လှောင်ကျောင်းပုံရိပ်တွေဖြစ်ပါတယ်။နတ်လှောင်ကျောင်းဟာ ပုဂံမြို့ရိုးအတွင်း သဗ္ဗေညုဘုရားရဲ့အနောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ ဒီအဆောက်အအုံရဲ့ ရှေးဟောင်းစေတီပုထိုးအမှတ်က ၁၆၀၀/၉၉၈ ဖြစ်ပါတယ်။အုတ်ကုန်းခပ်မြင့်မြင့်ပေါ်မှာ တည်ထားတဲ့ ဒီနတ်လှောင်ကျောင်းဟာ တစ်ထပ်ဂူဘုရားအမျိုးအစားဖြစ်ပြီး အလယ်ဗဟိုမှာလေးထောင့်စတုရန်းပုံစံမဏ္ဍိုင်ပိတ်တစ်ခုပါရှိပါတယ်။၎င်းကို ပတ်လည်စင်္ကြံလမ်းဖြင့် ဝန်းရံထားပါတယ်။အတွင်းစင်္ကြံလမ်းအကျယ်ဟာ ၈ ပေ ၆ လက်မ မှ ၈ ပေ ၉ လက်မရှိတယ်။ အလယ်ဗဟိုမဏ္ဍိုင်ဟာကျောင်းရဲ့ဗဟိုချက်မဖြစ်ပြီး ၎င်းရဲ့အတိုင်းအတာအရ တစ်ဖက်ကို၁၁ ပေ ၅ လက်မစီရှိပါတယ်။ အလယ်ဗဟိုမဏ္ဍိုရဲ့ အရှေ့ဘက်မျက်နှာစာမှာ အဓိကလှိုဏ်မုခ်အနက် တခုထွင်းထုထားပြီး၊ အခြားသော အနောက်၊ တောင်၊ မြောက် မျက်နှာစာသုံးဖက်စလုံးမှာတော့ လှိုဏ်မုခ်တိမ်တစ်ခုစီ ပါရှိပါတယ်။ အဆောက်အအုံက အရှေ့ဘက်လှည့်အမျိုးအစားဖြစ်ပြီး ပင်မဝင်ပေါက်ကိုလည်း အရှေ့ဘက်အခြမ်းမှာ မုခ်နဲ့တကွတည်ဆောက်ထားပါတယ်။ကျောက်သားတံခါးဘောင်ကို အသုံးပြုထားပါတယ်။တောင်၊ အနောက်နှင့် မြောက်ဘက်နံရံများမှာ ပြတင်းပေါက် ၃ ပေါက်စီ ပါရှိပါတယ်။ဂူဘုရား၏ အပေါ်ပိုင်းဗိသုကာတည်ဆောက်ပုံမှာ -စတုရန်းပုံစံ ပစ္စယံအဆင့် ၁ ဆင့် ပါရှိပြီး ၎င်း၏အထက်တွင် ဘေးဖက်ကို ဖြာထွက်နေတဲ့ ခိုနန်းချိုးပါစတုရန်းပုံ ကွမ်းတောင်ကို အဆင့်ဆင့် တည်ဆောက်ထားတာဖြစ်ပါတယ်။အတွင်းစင်္ကြံလမ်းတစ်ခုလုံး၏ အပေါ်ဘက်တွင်အမိုးခုံးစနစ်ကို သုံးထားပြီး၊ ဘေးပြတင်းပေါက် ဝင်ပေါက်များအပေါ်တွင်မူ အမိုးခုံးပြားစနစ်ကို အသုံးပြုကာ အုတ်စီထားတာဖြစ်တယ်။ ဒါကတော့ နတ်တ်လှော ကျောင်း တည်ဆောက်ပုံအကြမ်းဖျဉ်းဖြစ်ပါတယ်။

အတွင်းမဏ္ဍိုင်လေးဖက်မှာ ဗိဿနိုးနတ်မင်းရဲ့ရုပ်တုတွေ ရှိပါတယ်။ အရှေ့ဘက်ပင်မအဝင်ပေါက်က ဝင်လိုက်ရင် လျောင်းတော်မူ ဗိဿနိုးရုပ်တုကြီးရှိပါတယ်။စကြဝဠာကို ပြန်လည်ဖန်ဆင်းဖို့ လက်ဝဲဘက်သို့ ဦးခေါင်းပြု၍ အနန္တနဂါးပေါ်တွင် လျောင်းနေတဲ့ဟန်ဖြစ်ပါတယ်။ လျောင်းနေတဲ့ ဒီဗိဿနိုးရုပ်တုဟာ သိုက်တူးသူများကြောင့် ဖျက်ဆီးခံခဲ့ရပြီး ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ထုရဲ့အပေါ်ထိပ်ဘက် တောင်ဘက်အခြမ်းမှာ ဂဠုန်ပေါ်ထိုင်နေတဲ့သီဝ၊ မြောက်ဘက်အခြမ်းမှာ ကြာပုလ္လင်ပေါ်ထိုင်နေတဲ့သီဝရုပ်ရှိတယ်။အဲ့ဒီ့‌ဘေးမှာ‌နေရာလွတ် မုခ်ချိုင့်နှစ်ခုရှိပါတယ်။ အဲ့နေရာလွတ်မှာထားတဲ့ မြောက်ဘက်အခြမ်းက သီဝရုပ်တုဟာ ယခုပုဂံပြတိုက်မှာရှိပါတယ်။ ၁၈၂၆ က ခရောဖာ့ဒ် (Crawfurd) နဲ့ ၁၈၅၅ က ဖဲယား (Phayre) တို့ဟာ ကျောင်းတော်၏ ကြမ်းပြင်ပေါ်တွင် ဒီရုပ်တုကိုလဲလျောင်းကျနေသည်ကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။တောင်ဘက်၊အ‌နောက်ဘက်နဲ့ မြောက်ဘက်တွေ လိုဏ်မုခ်တိမ်တွေမှာတော့ မတ်ရပ်ဗိဿနိုးရုပ်တုတွေရှိပါတယ်။အများစုက ပြန်ပြင်ထားတဲ့လက်ရာတွေဖြစ်ပါတယ်။ 1912-13 ASI Negative Film ထဲမှာ မတ်ရပ်ရုပ်တု သုံးခုဟာ မျက်နှာနဲ့လက်များ လုံးဝပျက်စီးနေတဲ့ အထောက်အထားတွေ့ရပါတယ်။ ပုံမှာကြည့်နိုင်ပါတယ်။အဆောက်အဦးအပြင်ဘက်ပိုင်း အောက်တန်းပတ်လည်မှာ နံရံကပ်မုခ်ချိုင့်ငယ်(၁၀)ခုရှိပါတယ်။ပင်မမျက်နှာစာ(၄)ခု၊ တောင်ဘက်(၂)ခု၊အ‌နောက်ဘက်(၂)ခုနဲ့ မြောက်ဘက်(၂)ခု ပေါင်း(၁၀)ခုရှိပါတယ်။ အဲ့မုခ်ချိုင့်ငယ်ထဲမှာ ဗိဿနိုးနတ်မင်းရဲ့ ဘဝ(၁၀)ဘဝဖြစ်စဉ်တွေကိုထုဆစ်သရုပ်ဖော်ထားပါတယ်။ဗိဿနိုးရဲ့ (၉)ဘဝမြောက်က ဂေါတဗုဒ္ဓဖြစ်ပါတယ်။ G.H.Luce ကတော့သူရဲ့ Old Burma Early Pagan အတွဲ(၁)မှာ မဟာဘာရတ ကျမ်းလာအရ အဝတာရ ၁၀ ပါးရှိပြီး မဟာဘာရတကျမ်း (တောင်ပိုင်းမူ) အရ အဝတာရ ဆယ်ပါးမှာ ၁။ မစ္ဆ (ငါး)၂။ ကူရမ (လိပ်)၊၃။ ဝရာဟ (ဝက်)၊၄။ နရသီဟ (ခြင်္သေ့လူ)၊၅။ ဝါမန (ပုပုကွကွလူ)၊၆။ ပရသုရာမ၊၇။ ဒါသရထိ ရာမ (ရာမမင်း)၊၈။ ဗလရာမ၊၉။ ဗုဒ္ဓ၊၁၀။ ကလကီ (ကလကိန်) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒီအရုပ်‌တွေထဲကအချို့ဟာ ပြတိုက်မှာရှိပါတယ်။ ဒါကကျောင်းတွင်း၊ကျောင်းပြင်မှာရှိတဲ့ ရုပ်တုတွေအကြောင်းဖြစ်ပါတယ်။

ဒီကျောင်းနဲ့ပတ်သတ်ပြီး နတ်လှောင်ကျောင်းလို့ အမည်တွင်ရတာဟာ အနော်ရထာက နတ်တွေကို လှောင်ပိတ်ထားတဲ့ နေရာဖြစ်လို့ နတ်လှောင်လို့အယူအဆရှိသလို ပင်မအဝင်ဝက ဗိဿနိုးနတ်လျောင်းတဲ့ရုပ်တုကိုအစွဲပြုပြီး နတ်လျောင်းကနေ နတ်လှောင်ဖြစ်တယ်ဆိုပြီးအယူအဆရှိပါတယ်။ ပထမအချက်မှာယုတ္တိမတန်ပါ။ ရုပ်ထုတွေဟာ သူနေရာနဲ့သူစနစ်တကျရှိလို့ လှောင်ထား ချုပ်ထားဟန်လည်းမပေါ်ပါ။နတ်လှောင်ကျောင်းနှင့်ပတ်သက်ပြီး( ၁၃ ) ရာစုခန့်ထိုးလို့ ယူဆရသော တမီလ်ကျောက်စာတစ်ခုမှာ နတ်လှောင်ကျောင်းကို "နာနာဒေ စိဗွင်နာဂရအလဝါ" ဘုရားကျောင်း လို့ဘွဲ့အမည် မှည့်ခေါ်ထားတာ တွေ့ရပါတယ်။ကျောင်းဒကာက မလိမန်ဒလမ်နယ်ရှိ မကာဒယာပတ္တနမ်မြို့နေ စရီကုလဆေခရစ်၏တပည့် အိုင်ယာယီရန်စီရီယန်လို့ အမည်ရှိတဲ့ ဗိဿနိုးနတ် ကိုးကွယ်သူတစ်ဦးက ဘုရားကျောင်းရှိ အရှေ့ဘက်ဆင်ဝင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့မှတ်တမ်းဖြစ်ပါတယ်။ ထို့နောက် ဝင်းခြံတံခါးကိုလည်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ Pierre Pichard ရဲ့ Inventory of Monuments at Pagan အတွဲ(၆)၊စာ ၂၃၆ ၊ အဆောက်အဦး Planကို ဖော်ပြထားတဲ့ စာကြောင်း(၄)မှာ "formerly with an outer corridor and wall, now disappeared" -ယခင်က အပြင်ဘက်စင်္ကြံလမ်းနှင့် အပြင်နံရံတစ်ခု ရှိခဲ့ဖူးသော်လည်း ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။ ဒီကျောက်စာထဲက ဖော်ပြထားတဲ့ အိုင်ယာယီရန်စီရီယန် လှူခဲ့တဲ့အရှေ့ဘက်ဆင်ဝင်ဟာ Pichard ရဲ့မှတ်တမ်အရ ပျောက်သွားတဲ့အဆောက်အဦးလားလို့ တွေးဆစရာဖြစ်ပါတယ်။

ဒီနတ်လှောင် ကျောင်းနဲ့ပတ်သတ်ပြီး တည်ဆောက်တဲ့ခုနှစ်ကို‌ဖော်ပြကြရာမှာ အမျိုးမျိုးကွဲလွဲပါတယ်။မစ္စတာဒူရိုဆယ် (Duroiselle) က "သထုံကို အနိုင်ရရှိပြီးနောက် ပြန်လည်ရောက်ရှိလာပြီးနောက် အနော်ရထာမင်း (၁၀၅၇ ခုနှစ်) တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အနုရုဒ္ဓ (အနော်ရထာ) ဟာ ဗိဿနိုဝါဒထက် ဗုဒ္ဓဘာသာကို ဦးစားပေးသူ ဖြစ်ပြီး ဘုရားကျောင်းများထက် စေတီပုထိုးများကို တည်ဆောက်ခဲ့သူသာဖြစ်လို့ ၎င်းသတ်မှတ်ချက်ဟာ သူ့အလိုလို မဖြစ်နိုင်ဘူးလို Luce က မစ္စတာဒူရိုင်ဆယ်အဆိုကို ပယ်ထားပါတယ်။ ဗိုလ်မှူးဘရှင်ကတော့ ဤဘုရားကျောင်း၏ သိသာထင်ရှားပြီး ထူးခြားပြီး ရှေးကျတဲ့ လက္ခဏာများရှိတယ်လို့ဆိုပါတယ်။ ပင်မအဝင်ပေါက်ရုပ်ပွား(ယခုလက်ရှိရုပ်ထုများမှာပြုပြင်ထားတဲ့လက်ရာဖြစ်ပါတယ်၊မူလကပုံကိုဆိုလိုပါတယ်) မှာ ပုဂံရဲ့အခြားဘယ်နေရာ၌မျှ မတွေ့ရှိရဘဲ ရှေးဟောင်းနေရာများဖြစ်သော သီရိခေတ္တရာ၊ ကော့ဂွန်းဂူနှင့် သထုံတို့တွင်သာ တွေ့ရှိရတဲ့လက်ရာဖြစ်တယ်လို့ဆိုပါတယ်။

တကယ်တော့ ဒီအဆောက်အဦးဟာ ဟိန္ဒူဘုရာရှိခိုကျောင်း ဖြစ်ပါတယ်။ ပုဂံမှာ ဗိဿနိုနဲ့ဆက်စပ်ပတ်သတ်တာတွေကို အတိအလင်းရေးသားမှတ်တမ်းပြုခဲ့သူဟာ ကျန်စစ်သားဖြစ်ပါတယ်။နန်းတည်‌ကျောက်စာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ Luce ကတော့ " ကျန်စစ်မင်းနန်းတော်တည်ဆောက်ရာတွင် ဗြာဟ္မဏဝါဒီ ဗိဿနိုအယူဝါဒနှင့် နာရ (နာရာယဏ) ကို ကိုးကွယ်မှုတို့ဟာ ပုဂံမှာမည်မျှထိ ထင်ရှားခဲ့ကြသည်ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ပြီးဖြစ်ကြောင်း ကျန်စစ်မင်းကိုယ်တိုင်ကလည်း မိမိကိုယ်ကို ဗိဿနို၏ ကိုယ်စားလှယ်အဖြစ် မကြာခဏ ဆိုသလိုဖော်ပြလေ့ရှိတယ်လို့ " Old Burma Early Pagan Vol -1 မှာ ဗိဿနိုးနဲ့ပတ်သတ်ပြီး ဖော်ပြထားပါတယ်။

အနှစ်ချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီနတ်လှောင်ကျောင်းဟာ ဟိန္ဒူဘာသာရေးဆိုင်ရာ ဘုရားကျောင်းဖြစ်ပါတယ်။ တည်ဆောက်တဲ့အချိန်က ကျန်စစ်သားမင်းလက်ထက် ဖြစ်နိုင်တယ်လို့ တစ်ကိုယ်စာယူဆပါတယ်။ သုတေသနစာတမ်းများအရ ဒီဘုရားကျောင်းဟာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အေဒီ၁၁ရာစုဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ယခင်က ခန့်မှန့်ရခက်ပေမယ့် ၂၀၂၄-၂၀၂၅ ကာလမှာ ASIက နတ်လှောင်ကျောင်းက နံရံပန်းချီတွေကို ဂျေးချွတ်တဲ့အခါ နံရံပန်းချီလက်ရာတွေကို ရှင်းလင်းစွာမြင်လာရပါတယ်။ ဟိန္ဒူဘုရားရှိခိုးကျောင်း ဖြစ်တယ်ဆိုတာ ပိုမိုခိုင်မာလာသလို ပန်းချီလက်ရာတွေကိုလည်း မှန်းဆလို့ပိုလွယ်ကူလာပါတယ်။ ရေးဆွဲဟန်စနစ်နဲ့ လက်ရာတွေဟာ အာနန္ဒာဘုရားနဲ့ ခေတ်ပြိုင်‌‌ဖြစ်ပါတယ်။ ကြာနဲ့ကနုတ်ပန်းတွေ ရေးတဲ့နေရာမှာ အာနန္ဒာ အရှေ့ဘက်မုခ်က လက်ရာတွေနဲ့ အတော်ဆင်တူတာ တွေ့ရပါတယ်။ နံရံပန်းချီဟာ နောက်မှ ထပ်ဆွဲတာရော မဖြစ်နိုင်ဘူးလားလို့ စောဒကတက်စရာရှိပါတယ်။အာနန္ဒာရဲ့ ဒါယိကာဟာ ကျန်စစ်သားဖြစ်သလို သူဟာဗိဿနိုးယုံကြည်သူဖြစ်တယ်ဆိုတာလည်း သတိချပ်စရာဖြစ်ပါတယ်။ နတ်လှောင်ကျောင်းဟာ မြို့ရိုးအတွင်းမှာ တည်ရှိပါတယ်။သူ့အနီအနားက မီးမလောင်၊သ‌‌ဗ္ဗေညု၊ ရွှေဂူတို့ဟာသူ့ နောက်မှတည်တာဖြစ်ပါတယ်။ ဒါကတစ်ကိုယ်စာအမြင်မျှသာဖြစ်ပါတယ်။ ဆက်လက် လေ့လာမှသာ ပိုမိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ သိရသလောက်တင်ပြခြင်းသာဖြစ်ပါတယ်။မစုံ‌နိုင်ပါ။










#နတ်လှောင်ကျောင်း

"ညောင်ဦးဝက်ကြီးအင်းက ရှင်ဘို့မယ်အုတ်ကျောင်း"ဒီအုတ်ကျောင်းက ပုဂံဝက်ကြီးအင်း လေးမျက်နှာဘုရားအစုရဲ့ အနောက်ဘက်မှာရှိတဲ့ ရှင...
04/09/2026

"ညောင်ဦးဝက်ကြီးအင်းက ရှင်ဘို့မယ်အုတ်ကျောင်း"

ဒီအုတ်ကျောင်းက ပုဂံဝက်ကြီးအင်း လေးမျက်နှာဘုရားအစုရဲ့ အနောက်ဘက်မှာရှိတဲ့ ရှင်ဘို့မယ်အုတ်ကျောင်းဖြစ်ပါ။အ‌ဆောက်အအုံအမှတ် အမှတ် (၂၉၁) ဖြစ်ပါတယ်။ ကုန်းခပ်မြင့်မြင့်ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ပတ်လည်းအုတ်တံတိုင်းပါရှိပါတယ်။အရှေ့ဘက်နှင့် တောင်ဘက်မျက်နှာစာတို့တွင် ကျောင်းတိုက်ကိုသွားဖို့ လှေကားအရာတွေရှိပါသေးတယ်။ ပုဂံမှာအတွေ့ရများတဲ့ပုစံအတိုင်း ယခင်ကကျောင်းရှေ့မျက်နှာစာမှာ အဆောင်တစ်ခုရှိတဲ့ ပန္နက်ရာတွေကိုတွေ့ရပါတယ်။‌

နှစ်ထပ်အုတ်ကျောင်းဆောင်ကြီးအမျိုးအစားဖြစ်ပါတယ်။ အလယ်ဗဟိုမှာ အမာခံအူတိုင်ထားပြီးအခန်းဖွဲ့ပါတယ်။အဲ့အခန်း‌ဘေးပတ်လည်မှာ စင်္ကြံလမ်းများဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ် ။ စတုရန်းပုံစံ အခန်းဖွဲ့ထားတဲ့အလယ်ဗဟိုခန်းအကျယ်အဝန်းက ၈ ပေ ၉ လက်မ x ၈ ပေ ၆ လက်မ ရှိပါတယ်။ ဗဟိုအခန်းကို ပတ်လည်ဝန်းရံထားသော စင်္ကြံလမ်းအကျယ် ၈ ပေ ၁ လက်မ (၂.၄၈ မီတာ) ရှိပါတယ်။မြောက်ဘက်-အနောက်ဘက်ထောင့်၏ နံရံအတွင်းဘက်မှာ အပေါ်ထပ်သို့ တက်ရောက်နိုင်သည့် အတွင်းအုတ်လှေကားတစ်စင်းကို ထည့်သွင်းထားပါတယ်။။ ကျောင်းတော်၏ အပေါ်ဟာလည်း အောက်ထပ်၏ အခန်းဖွဲ့စည်းပုံအတိုင်း တူညီစွာ တည်ရှိပြီး ယခင်က သစ်သားကြမ်းခင်းဖြင့် ခင်းကျင်းခဲ့ပါတယ်။ အလယ်အဆင့်တွင် သစ်သားရက်မများနှင့် ကြမ်းပြင်ရှိခဲ့သည့် အထောက်အထားများ ယနေ့တိုင် ထင်ရှားစွာ ကျန်ရှိပါတယ်။ ရက်မအတွက် သစ်သားထည့်ရန် အပေါက်များကိုလည်း ပုံမှာကြည့်နိုင်ပါတယ်။အရှေ့ဘက်၊တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာမှာ အဓိကဝင်ထွက်ရာ တံခါးကြီး ၂ ပေါက် ပါရှိပါတယ်။ အနောက်ဘက်(ကျောဘက်မှာ)တော့ မပါရှိပေ။

ကျောင်းအပြင်ဘက်အပေါ်ပိုင်း နံရံများတွင် ပုဂံခေတ်အင်္ဂတေပန်းတော့လက်ရာများ ကျန်ရှိပါတယ်။ ထောင့်တိုင်ကဘီလူးပန်းတွေဆို အကောင်းအတိုင်းကျန်ရှိပါတယ်။ယခင်ကတော့ ထောင့်တိုင်လက်ရာများဟာ အံ့မခန်လှ‌‌မှာ အသေအချာဖြစ်ပါတယ်။ အပေါ်ဆုံးထောင့်ထိပ်ကနေ အောက်ခြေနားထိ အင်္ဂတေပန်းလိုင်းတွေရှိတဲ့ အစအနတွေ့ရပါတယ်။ရှင်ဘို့မယ်အုတ်ကျောင်းကို ၁၉၈၁မှာ ဆောက်လုပ်ရေးကော်ပိုရေးရှင်း (Construction Corporation) မှ ကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ ထိုသို့ပြင်ဆင်ရာမှာ ကျောင်းတော်၏ အရှေ့ဘက်မျက်နှာစာတစ်ခုလုံးကို တစ်ဆက်တည်းဖြစ်သွားအောင် ပြန်လည်တည်ဆောက်မိခဲ့တဲ့ ဗိသုကာဆိုင်ရာချွတ်ယွင်းမှု မှတ်တမ်းအချက်အလက် ရှိခဲ့တယ်လို့ Pichard က သူရဲ့ Inventory of Monuments at Pagan မှာ ဖော်ပြထားပါတယ်။ ဒီကျောင်းနဲ့ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ များများစားစားမရှိပါ။ ကျောင်းသမိုင်းလည်း များများစားစားမသိပါ။ လေးမျက်နှာအစုနဲ့ နီးပေမယ့် ဒီကျောင်းနဲ့သက်ဆိုင်ခဲ့ဟန်မတူပါ။ ကျောင်းသီးသန့်တည်ဆောက်ထားတဲ့ သဘောဖြစ်ပါတယ်။ ကျောင်းမှာကျန်တဲ့ အင်္ဂတေပန်းနဲ့ တည်ဆောက်ပုံအရတော့ အေဒီ၁၃ရာစုလက်ရာဖြစ်ပါတယ်။

Bagan









#ရှင်ဘို့မယ်အုတ်ကျောင်း

"နှစ်၇၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပုဂံဖွားစောအုတ်ကျောင်း"ဒီကျောင်းက အနောက်ဖွားစောရွာ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း အနောက...
03/09/2026

"နှစ်၇၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပုဂံဖွားစောအုတ်ကျောင်း"

ဒီကျောင်းက အနောက်ဖွားစောရွာ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း အနောက်မြောက် ထောင့်မှာရှိတဲ့ အုတ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းဝန်းအတွင်းမှာ အုတ်ကျောင်းနှစ်ကျောင်းရှိပါတယ်။ အုတ်ကျောင်းအမှတ် ၉၀၇နဲ့ ၉၀၈တို့ဖြစ်ပါတယ်။ ယခုဖော်ပြထားတဲ့ကျောင်းက အုတ်ကျောင်းအမှတ် ၉၀၇ ဖြစ်ပါတယ်။ဖွာ‌စောအ‌နောက်ဘက်အုတ်‌ကျောင်း လို့ခေါ်ပါတယ်။ ကျောင်းက အုတ်ခုံခပ်မြင့်မြင့်ပေါ်မှာ တည်ထားပြီး အရှေ့ဘက်လှည့်ဖြစ်ပါတယ်။ ကျောင်းရှိရာကိုတတ်ဖို့ ကျောက်လှေကားသုံးစင်းပါရှိပါတယ်။လှေကားတွေကအရှေ့ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တွေမှာရှိတာဖြစ်ပါတယ်။ ကျောင်းနဖူးစီးမှာ တောင်ဘက်အခြမ်းမှာ လက်ရာမြောက်တဲ့ အင်္ဂတေပန်းလက်ရာ တွေကျန်ရှိပါသေးတယ်။ ကျောင်းရှေ့မှာယခင်က သစ်သားပြာသာဒ်ဆောင်ရှိခဲ့ကြောင်းကို ဖော်ပြနေတဲ့ ပန္နက်ရာတွေရှိပါတယ်။‌

ကျောင်းတော်၏ အောက်ထပ် (Ground floor) ကို စနစ်တကျအခန်းဖွဲ့စည်းထားပြီး အလယ်မှာဗဟိုအခန်းပါရှိ ၎င်းဗဟိုခန်းကိုပတ်ထားတဲ့ စင်္ကြံလမ်းများဖြင့် ဖွဲ့စည်းတည် ဆောက်ထားတာဖြစ်ပါတယ်။ အလယ်ဗဟိုအခန်းမှာ ကျောင်းတော်၏ အဓိကဗဟိုအခန်းဖြစ်ပြီး အကျယ်အဝန်းမှာ ၁၃၆.၂ လက်မ x ၁၃၀.၇ လက်မ (၁၁ ပေ ၄ လက်မ x ၁၀ ပေ ၁၁ လက်မ ခန့်) ရှိတဲ့အခန်းဖြစ်ပါတယ်။ဗဟိုအခန်းရဲ့ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ဝင်ထွက်နိုင်သော တံခါးပေါက်များ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ထိုဗဟိုခန်းပတ်လည်ရှိ စင်္ကြံပတ်လမ်းများမှာ အရပ်မျက်နှာအလိုက် အကျယ်အဝန်း ကွဲပြားပါတယ်။။အနောက်ဘက်စင်္ကြံအကျယ်မှာ ၈၆.၆ လက်မ (၇ ပေ ၃ လက်မ ခန့်) ရှိပြီးမြောက်ဘက်နှင့် တောင်ဘက်စင်္ကြံအကျယ်မှာ ၁၁၀.၂ လက်မ (၉ ပေ ၂ လက်မ ခန့်) စီရှိတာဖြစ်ပါတယ်။။အရှေ့ဘက်စင်္ကြံမှာအကျယ်ဆုံးဖြစ်ပြီး ၁၃၄.၆ လက်မ (၁၁ ပေ ၃ လက်မ ခန့်) အထိ ရှိသည်။ မြောက်ဘက်နဲ့ တောင်ဘက်နံရံများ၏ အတွင်းဘက်တွင် အပေါ်ထပ်သို့ တက်ရောက်နိုင်သည့် အုတ်လှေကား ၂ စင်းကို မျက်နှာချင်းဆိုင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ အပေါ်ထပ် (Upper storey)ဟာ အောက်ထပ်၏ အခန်းဖွဲ့စည်းပုံအတိုင်း တူညီစွာ တည်ရှိပြီး ယခင်က သစ်သားကြမ်းခင်းဖြင့် ခင်းကျင်းထားခဲ့တာ ဖြစ်နိုင်ပြီး သစ်သားထုပ်တန်းထည့်ထားတဲ့အပေါက်နဲ့သစ်သားအစနများစွာ ကျန်ရှိသေးတာကိုယနေ့တိုင် ထင်ရှားစွာ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အရှေ့ဘက်မျက်နှာစာ: တံခါးကြီး ၃ ပေါက်၊တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာတံခါး ၂ ပေါက်စီနှင့် ဗဟိုတည့်တည့်မှာ ပြတင်းပေါက် ၁ ပေါက်စီ တပ်ဆင်ထားပါတယ်။။အနောက်ဘက်မျက်နှာစာမှာ‌တော့ ဗဟိုတည့်တည့်တွင် တံခါး ၁ ပေါက်နှင့် ဘေးတစ်ဖက်တစ်ချက်တွင် ပြတင်းပေါက် ၂ ပေါက် ပါရှိပါတယ်။

ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကျောင်းတော်၏ နံရံများနှင့် အမိုးခုံးအချို့သည် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့တယ်။မှတ်တမ်းများအရ ခရစ်နှစ် ၁၉၆၅: ပထမအကြိမ် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့ပါတယ်။ခရစ်၁၉၇၂မှာရှေးဟောင်းအဆောက်အအုံစာရင်းတွင် တရားဝင်သွင်းခဲ့ပါတယ်။ခရစ်၁၉၉၀မှာ ကျောင်းရဲ့ မြောက်ဘက်-အနောက်ဘက်ထောင့်သည် ပြိုကျပျက်စီးသွားခဲ့လို့ ခရစ်နှစ် ၁၉၉၂-၉၃မှာ ဆောက်လုပ်ရေးကော်ပိုရေးရှင်း (Construction Corporation) မှ ပျက်စီးသွားသော အစိတ်အပိုင်းများကို မူလလက်ရာမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး ကြံ့ခိုင်အောင် လုပ်ဆောင်ပေးခဲ့ကြပါတယ်။

ဒီကျောင်းအလှူရှင်က မိဖုရားဖွားစောဖြစ်ပါတယ်။ ကျောက်စာမှတ်တမ်းများအရ ၈၊‌ ဖေဖော်ဝါရီ၊၁၃၀၀မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မင်းလုလင်(၁၂၉၇-၁၃၃၄)ကာလ အတွင်းမှာတည်ဆောက်တာဖြစ်ပါတယ်။မင်းလုလင်က ဖွားစောရဲ့မြေးဖြစ်ပါတယ်။ သစ်မထီးအရပ်မှာ စေတီတည်ခြင်း၊ ပိဋိကတ်သုံပုံရေးကူးလှူဒါန်းခြင်း၊ ကျောင်းဆောက်ခြင်း၊သိမ်‌ဆောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ အဆောက်အဦးတွေလှူဒါန်းပြီးစီးတဲ့အခါ သူ့မြေးကိုယ်တိုင် ရေစက်ချတရားနာလာကြောင်း ကျောက်စာမှာ ဖော်ပြထားပါတယ်။ ရေစက်ချပွဲလာတဲ့ ဘုရင်က လယ်ကိုင်း မပင်းစရဘက်က ကောင်ကမူအရပ်မှာ လယ်ပယ်၊ထန်းပင်၊မုန်းပင်နဲ့ သရက်ပင်တွေပါ လှူပါတယ်။ကျွန်(၁၅)ယောက်လည်းပါပါတယ်။ ဆရာကြီးဦးနီတွတ်ရဲ့ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ(၂) စာ-၁၃၅မှာ‌တော့ ဒီလယ်ကိုလှူတာဟာ လယ်ကရရှိတဲ့ အခွန်းကိုသာလှူဒါန်းလို့ ထွက်သမျှသီးနှံရဲ့ ၁၀ပုံတပုံသာရရှိကြောင်း ဖော်ပြထားပါတယ်။ မိဖုရားစောကိုယ်တိုင်ကလည်း စေတီအား ဆီမီး၊သင်းပုတ်ဝတ်မပြတ်လှူဒါန်းဖို့နဲ့ ပစ္စည်းလေးပါး ဆေးဝါးအထောက်အပံ့ရဖို့ လယ်နဲ့ကျွန်လှူပါတယ်။ တရုတ်ပြေးမင်းက သူ့ကို ပေးခဲ့တဲ့ ချောင်းဦးနယ် မန်းကျည်းချိုအရပ်က လယ်ဖြစ်ပါတယ်။ကျွန်‌ပေါင်း ၁၅၅‌ယောက်လည်းပါရှိပါတယ်။ မိဖုရားစောဟာ ဒီဆုတောင်းပြည့် ကျောင်းဝန်းအတွက်လယ်ပယ်၇၆၄၃ ရရှိတဲ့ အခွန်သီးနှံတွေကို လှူဒါန်းခဲ့ပါတယ်။ ဒီ့အတွက် နှစ်စဉ် စပါးတင်း၁၂၀၀(ဆန်တင်း-၄၅၀) အလှူခံရရှိခဲ့ပါတယ်။ ဆရာကြီးကတော့ ဒီကျောင်းတိုက်နဲ့ပတ်သတ်ပြီး ဆုတောင်းပြည့်ကျောင်းတိုက်ဟာ ပုဂံရဲ့ နောက်ဆုံးမီးတောက်အဖြစ် စည်ပင်ဝပြောသော နေရာတစ်ခုဖြစ်ခဲ့တယ်လို့ မှတ်ချက်ချခဲ့ပြီး အေဒီ ၁၄၀၀ခန့်အထိ သက်ဝင်လှုပ်ရှားမှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။










ပုဂံ၊မင်းနန်သူရွာ..အနောက်ဘက်ရှိဆင်ဖြူရှင်ကျောင်းဝန်းအတွင်းဘုရားအမှတ်(၆၉၇)မှ အင်္ဂတေပန်းလက်ရာ......။     #ဆင်ဖြူရှင် #အင်...
02/09/2026

ပုဂံ၊မင်းနန်သူရွာ..အနောက်ဘက်ရှိ
ဆင်ဖြူရှင်ကျောင်းဝန်းအတွင်း
ဘုရားအမှတ်(၆၉၇)မှ အင်္ဂတေပန်းလက်ရာ......။





#ဆင်ဖြူရှင်
#အင်္ဂ‌တေပန်း

01/09/2026

"ပုဂံ၊ဓမ္မရံကြီးဘုရားမြင်းကွင်း"

ယခုဖော်ပြထားသည့် video မှာ ပုဂံမြို့ဓမ္မရံကြီးဘုရားမြင်းကွင်းအား ဖော်ပြထားခြင်းဖြစ်ပါသည်။

@ဤဗီဒီယိုသည် လွန်ခဲ့သော နှစ်များစွာကသမိုင်းဝင် မှတ်တမ်းပုံရိပ်များကို ပိုမိုသက်ဝင်စေရန်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဆီလျော်သည့် ရိုးရာဂီတ သံစဉ်များကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ Music Copyright Law ကို ချိုးဖောက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း မဟုတ်ဘဲ ပညာပေးရေးနှင့် ယဉ်ကျေးမှု ပြန့်ပွားရေးအတွက်သာ ရည်ရွယ်၍ အသုံးပြုခြင်း ဖြစ်ပါသည်။ မူပိုင် ဂီတပညာရှင်များအားလုံးကို အထူးလေးစား အသိအမှတ်ပြုပါသည်။
bring these historical images from many years ago to life, traditional Burmese musical melodies have been used to match the cultural context. This is not intended as a violation or misuse of Music Copyright Law, but is used solely for educational purposes and cultural promotion. We extend our deepest respect and credit to all the original musicians and copyright owners.







#ပုဂံ

#ဓမ္မရံကြီး

30/08/2026

"နှစ်၁၀၀ကျော်ကပုဂံပုံရိပ်"







(*Grok Ai နည်းပညာဖြင့်မူရင်းပုံများအား Video အဖြစ်ဖန်တီး၍ Edit လုပ်ထားခြင်းဖြစ်ပါသည်)

ယခုဖော်ပြထားသည့်ပုံများမှာ ပုဂံမင်းနန်သူအပိုင်း၊ ဘုရားအမှတ်(၅၃၉)တရုတ်ပြေးဘုရားမှအေဒီ(၁၃)ရာစုလက်ရာ အင်္ဂတေပန်းများဖြစ်ပါသ...
29/08/2026

ယခုဖော်ပြထားသည့်ပုံများမှာ
ပုဂံမင်းနန်သူအပိုင်း၊ ဘုရားအမှတ်(၅၃၉)တရုတ်ပြေးဘုရားမှ
အေဒီ(၁၃)ရာစုလက်ရာ အင်္ဂတေပန်းများဖြစ်ပါသည်။
မင်းနန်သူအပိုင်းရှိ အင်္ဂတေပန်းလက်ရာကောင်းမွန်သော
ဘုရားများထဲတွင် တရုတ်ပြေးဘုရားသည်လည်းတစ်ဆူအပါအဝင်ဖြစ်ပါသည်။




#ပုဂံ
#အင်္ဂ‌တေပန်း

"တလုပ်မြို့တိုက်ကျောင်း"တလုပ်မြို့ဆိုတာ ‌‌‌‌‌‌‌‌‌‌‌‌‌‌မြင်းခြံမြိုရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့ဟောင်းတစ်မြို့ဖြစ်ပါတယ်။ ယ...
28/08/2026

"တလုပ်မြို့တိုက်ကျောင်း"

တလုပ်မြို့ဆိုတာ ‌‌‌‌‌‌‌‌‌‌‌‌‌‌မြင်းခြံမြိုရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့ဟောင်းတစ်မြို့ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ မြင်းခြံရဲ့စည်ပင်လာမှုနဲ့ ကျေးရွာကြီးအဆင့်သာ ရှိတဲ့ ရွာတရွာဖြစ်ပါတယ်။ တလုပ်မြို့ဝန်းကျင်းမှာ ပုဂံခေတ်မှသည် ကိုလိုနီခတ်ထိတိုင် တည်ထားခဲ့တဲ့ သာသနိက အဆောက်အအုံများစွာရှိပါတယ်။တလုပ်မြို့ကို အခေါက်အခါခါ လေ့လာရေးလုပ်ဖို့ ရောက်ပေမယ့် ယခင်ကဒီကျောင်းကို မဝင်ဖြစ်ခဲ့ပါ။ ၆ဇန်နဝါရီ၊ ၂၀၂၀နေ့လယ်ပိုင်းလောက်မှာ မြင်းခြံကနေ တလုပ်ကိုသွားရင်း ဒီကျောင်းကိုဝင်ရောက်လေ့လာခဲ့ပါတယ်။ ကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော် မှန်ကိုထောင်ပြီး သူ့ဘာသာ ကတုံးတုံးနေလို့ ဘေးကပါလာတဲ့ ဆရာတစ်ယောက်က တပည့်တော်တုံးပေးပါမယ်ဘုရားဆိုပြီး ဘုန်းကြီးကိုကတုံးဝင်တုံးပေးခဲ့ရပါသေးတယ်။

မင်းတို့ က ဘယ်ကတုန်းတဲ့...မြင်းခြံကပါဘုရားဒီကျောင်းကလက်ရာလေးတွေလေ့လာချင်လို့၊ ဓါတ်ပုံလေးဘာလေး ရိုက်ချင်လို့ပါဘုရားဆိုတော့ အေးရိုက်ရိုက်..အပေါ်လည်းတက်ကြည့်ကြတဲ့။ ကတုံးတုံးသူက တုံး လေ့လာသူက လေ့လာပေါ့။ဒီတိုက်ကျောင်းက မြင်းခြံမြို့မြောက်လက်၊ တလုပ်မြို့မှာရှိတာဖြစ်ပါတယ်။။ မြင်းခြံ-ဆီမီးခုံလမ်းရဲ့အရှေ့ဘက်အခြမ်း၊ တလုပ်မြိုအထက်တန်းကျောင်းနဲ့မျက်နှာချင်းဆိုင်မှာ တည်ရှိတာဖြစ်ပါတယ်။

ကျောင်းကမြောက်ဘက်လှည့် နှစ်ဆောင်တွဲဖြစ်ပါတယ်။ တည်ဆောက်ပုံကခပ်ဆန်းဆန်းဖြစ်ပါတယ်။ပထမမျက်နှာစာအဆောင်က အလယ်မှာဘာဘူဆောင်ပြဿဒ်ပါအခန်းကို ရှေ့ထုတ်ထားပြီး ကျောင်း‌အပေါ်ထပ်ကိုတတ်ဖို့ ဘယ်ညာလှေကားနှစ်စင်းနဲ့ လက်ရာမြောက်စွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အောက်ကအုတ်ခံကျောင်း၊ အပေါ်က သစ်သားနဲ့ ရိုးရိုးခေါင်းချိုးပေါ်မှာ တစ်ထပ်လယ်ပေါ်လေးထည့်ဆောက်ထားတာပါ။ ခုပြောသွားတဲ့ ကျောင်းရဲ့နောက်မှာ အုတ်ကျောင်းအကြီးကြီးရှိပါတယ်။ပထမဘာဘူအ‌ဆောင်နဲ့ ဒုတိယအုတ်တိုက်အဆောင်ကို ကူးတဲ့နေရာမှာ တံတားသဏ္ဍန်လမ်းလေးကို ထည့်ထားပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။

နောက်ခံက အုတ်တိုက်ပေမယ့် လက်ရာကောင်းတယ်။ ရတနာပုံ ခေတ်နှောင်းနဲ့ ကိုလိုနီခေတ်တည်ဆောက်ပုံးအတိုင်း တံခါးပေါက်တွေကို ဒုန်းရှိတ် အခုံးခပ်များများနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။တံခါးကများတယ်။ခြေရင်း(အနောက်)အပေါ်အောက်၁၀နဲ့ခေါင်းရင်းအပေါ်အောက်၁၀(အရှေ့ဘက်)ပေါင်း၂၀။ ရှေ့ခြမ်း(မြောက်ဘက်)အပေါ်အောင် ၁၄ပေါက်နဲ့ နောက်ခြမ်း(တောင်ဘက်)၁၄ပေါက်ရှိတယ်။ တစ်ကျောင်းလုံး အခုံးပုံတံခါးချပ် ၄၈ချပ်ရှိပါတယ်။ တစ်ချို့က တံခါးပုံပြုလုပ်ထားပေမယ့် တကယ့်အပေါက်မပါပါဘူး။တံခါတွေရဲ့အပေါ်အနားသတ်၊ အခုံးထဲက ပန်းလိုင်းတွေ ဟာ သိပ်လက်ရာမြောက်တယ်။ လက်ရာတစ်ခုနဲ့မတူတာလည်း တွေ့ရပါတယ်။ အပေါ်ထပ် က တံခါးတွေရဲ့ အပေါ်မှာ ပန်းလိုင်းကို ထည့်သုံးသွားတာ သိပ်ကောင်းတယ်။ လက်ရာမြောက်တယ်။ ဖန်တီးသူ လက်ရာရှင်အတော်အားစိုက်ရတဲ့ သဘောရှိတယ်။ တခါးအပါ်မုခ်ခုံးထဲက အင်္ဂတေပန်းလိုင်းတွေဟာ ဖောင်းကြွသဏ္ဍန်မဟုတ်ဘဲ အင်္ဂတေပေါ်ရေးထားတဲ့ ပန်းချီသာဖြစ်ပါတယ်။ ဖောင်းကြွတွေကိုတော့ အပေါ်ထပ်‌‌၊‌အောက်ထပ်ခြားထားတဲ့ ပန်းလိုင်းတွေမှာသာ တွေ့ရပါတယ်။

အပေါ်ထပ်မှာ အမိုးအောက်မျက်နှာကြက်နေရာမှာ ခံထားတဲ့သစ်သာကွက်တွေဟာ အလွန်ကောင်းသလို သစ်သားတွေကိုလည်း တကယ့်ကောင်းပေ့ဆိုတာတွေကိုပဲ အသုံးပြုပြီး တည်ဆောက်တာတွေ့ရတယ်။ အုတ်တံခါးချပ်တွေက တောင်သာ၊ဆင်ဖြူရွာအုတ်တိုက်ကလက်ရာတွေ နဲ့ တူသလို အပေါ်ထပ်မျက်နှာကြက်အမိုးတည်ဆောက်ပုံက မြောင်နယ်၊ဝက်မစွက် အုတ်တိုက်နဲ့တူပါတယ်။ အုတ်ကျောင်းကို အတွင်းပိုင်းက တတ်လိုရတဲ့ လှေကားတစ်စင်ရှိတယ်။ လှေကားတစ်ချက် ဝဲဘက်ယာဘက်ထောင့်မှာ စတိုခန်းနှစ်ခန်း(ကျက်သရေခန်း)ထား ထားတာ တွေ့ရပါတယ်။

အထောက်အထားခိုင်မာမာ မရှိပေမယ့် ဓါတ်ပုံထဲက ကျောင်းထိုင်ဆရာတော်သက်တမ်းရယ်၊တည်ဆောက်ပုံရယ်ကို ကြည့်ရင် ကိုလိုနီခေတ်လို့ ယူဆရပါတယ်။ဦသောဘဏ ကျောင်းထိုင်တဲ့အချိန်ဟာ ဒီကျောင်းရဲ့ အချိန်ကောင်းကာလဖြစ်မယ်လို့တွေးမိတယ်။ သံဃာတော်လည်း များပြားနိုင်တယ်။စာတိုက်ဗီရိုနှစ်လုံးနဲ့ ဆင်းတုတစ်ဆူ ကျောင်ပေါ်မှာတွေ့ရတယ်။ခုတော့ ကျောင်းတိုက်ထဲမှာ သံဃာတော် အနည်းငယ်သာရှိပါတယ်။တစ်ချို့နေရာတွေမှာ အက်ကွဲကြောင်းတွေတွေ့ရတယ်။ ဒီလိုလက်ရာက ရှားပါးလို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။







#တလုပ်မြို့တိုက်‌ကျောင်း
#တလုပ်မြို့

ที่อยู่

Si Maha Phot
25140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ historical burmaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์