28/08/2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်း ဆင်းပွဲကျင်းပ
*******************************************************************************************************
နေပြည်တော်၊ ဩဂုတ် ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၂) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကား ပြောကြားရာ၌ သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ရသည့် ရုံးလုပ်ငန်း သဘောသဘာဝများ၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်ကာ အရည်အချင်း၊ အရည်အသွေးနှင့် စွမ်းဆောင်ရည်များမှာ ယခင်ကထက် ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် မိမိတို့အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ကောင်းမွန်သည့် ယုံကြည်ချက်၊ ခံယူချက် ပြည့်ဝစွာဖြင့် ကြိုးစားသွားကြရန် လိုပါကြောင်း၊ တစ်ဦးချင်းစီ၏ ခံယူမှတ်သားမှု၊ လိုက်နာကျင့်သုံးဆောင်ရွက်မှု၊ စည်းကမ်းလိုက်နာမှု၊ ကိုယ်ကျင့်တရား စောင့်ထိန်းမှုစသည့် အရည်အသွေးများအပေါ် မူတည်ပြီး အောင်မြင်မှုနှင့် အခွင့်အလမ်းများ ကွာခြားသွားမည်ဖြစ်ပါကြောင်း၊ မိမိရောက်ရှိသည့် နေရာတွင် တိုးတက်မှုရှိရန် အခွင့်အလမ်းများ ရှာဖွေကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၃၂) ဦးကိုယ်စား သင်တန်းသား (၁) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။