24/09/2026
ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ
ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ
စက်တင်ဘာ ၂၄၊ ၂၀၂၆
ကလေးအကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များပြားခြင်း၊ ခွဲခြားဆက်ဆံမှုများရှိခြင်းနှင့် ထောင်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦး အပါအဝင် အကျဉ်းသား ၈၀ ဦး အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် မဖြစ်မနေ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်အပ်ပါသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ပါရဂူအထူးကု ဆရာဝန်များ ထောင်အတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ အကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါအထဲတွင် နိုင်ငံရေးအကျဉ်းသား/သူ ၅၀ ဦးအထိ ပါဝင်သော်လည်း လက်ရှိအချိန်အထိ ၉ ဦးသာ ပြင်ပဆေးရုံ တက်ရောက်ခွင့် ရရှိခဲ့ပြီး အဆိုပါ ၉ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်ခဲ့သည်။
ထို့သို့ အရေးပေါ် ဆေးကုသမှု လိုအပ်နေသော်လည်း ထောင်အာဏာပိုင်များဘက်က အကျဉ်းသား ၁,၀၀၀ အတွက် တစ်လလျှင် တစ်ဦးကို ၁,၀၀၀ ကျပ်နှုန်းဖြင့် ဆေးဖိုး ကျပ် ၁၀ သိန်းသာ ဘတ်ဂျက် ခွဲဝေပေးထားသည်။ ထို့ကြောင့် ထောင်တွင်း၌ ပါရာစီတမော (Paracetamol) နှင့် စီဗစ် (Cevit) ကဲ့သို့ အခြေခံဆေးများမှလွဲ၍ ဆေးဝါး မလုံလောက်သည့်အပြင် အသက်အန္တရာယ်ရှိသည့် လူနာများအတွက် အဓိကလိုအပ်သည့် အရေးပေါ် အောက်ဆီဂျင်နှင့် ကုသရေး အထောက်အကူပြု ပစ္စည်းများလည်း ကင်းမဲ့လျက်ရှိသည်။
ယင်းသို့ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ ကင်းမဲ့နေသည့် ကလေးထောင်အတွင်း၌ နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရသည့် လူနာအများအပြား ရှိနေပြီး ၎င်းတို့၏ ဆေးကုသခွင့်နှင့် ဆေးဝါး ဝယ်ယူစရိတ်များကို မိသားစုများကသာ စိုက်ထုတ်ပေးနေရသည်။ ထို့ပြင် နယ်ဝေးမှ လာရောက် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားအချို့မှာမူ မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်နေသဖြင့် ပြင်ပဆေးရုံ တက်ရောက်ရပါက စားသောက်စရိတ်နှင့် ဆေးဝါးစရိတ်များအတွက် ပိုမိုကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အဆိုးရွားဆုံးမှာ ထောင်အတွင်း နှလုံးရောဂါဖောက်ပြန်သည့် အခြေအနေဆိုးရွားသည့် လူနာများ ကြုံတွေ့ရပါကလည်း မည်သည့် အသက်ရှူကိရိယာနှင့် ကုသရေး အထောက်အကူပြု ပစ္စည်းမျှ ပါဝင်ခြင်း မရှိဘဲ ၁၂ မိုင်မှ ၁၃ မိုင်ခန့် ဝေးကွာသည့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာတွင် အောက်ဆီဂျင်ဗူးနှင့် ပိုက်မျှသာ ပါရှိသဖြင့် လမ်းခုလတ်၌ပင် သေဆုံးရသည့် ဖြစ်စဉ်များ ရှိနေခြင်းဖြစ်သည်။ မကြာမီကပင် အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသား တစ်ဦးမှာ အောက်ဆီဂျင် ပြတ်တောက်ကာ ပြင်ပဆေးရုံသို့ အရောက်တွင် အသက်ရှူကျပ်၍ သေဆုံးခဲ့ရသည်။
အခြေအနေများ ထိုသို့ ဆိုးရွားနေသော်လည်း ပြင်ပဆေးရုံ တက်ရောက်ခွင့်ရရှိရန် ထောင်ဝန်ထမ်းများမှစ၍ ထောင်အာဏာပိုင်များဖြစ်တဲ့ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ထောင်ပိုင်၊ ထောင်ဆေးရုံအုပ်၊ သက်ဆိုင်ရာ အဆောင်ကိုအုပ်ချုပ်သူများအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရသည်။
သို့ဖြစ်ရာ အထက်အာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိမှသာ ပြင်ပဆေးရုံ တက်ရောက်ခွင့် ရရှိသည့် လုပ်ထုံးလုပ်နည်းများကို အလွဲသုံးစားပြု၍ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပုဒ်မ ၁၉(က) ဖြင့် ထောင်ဒဏ် ကျခံထားရသည့် စီးပွားရေးသမားများနှင့် ရာဇဝတ်အကျဉ်းသားအချို့မှာမူ မည်သည့်ရောဂါမျှ မရှိဘဲ ထောင်အာဏာပိုင်များကို လာဘ်ငွေပေး၍ ပြင်ပဆေးရုံတွင် သွားရောက်နေထိုင်ခွင့် ရရှိနေကြသည်။ ငွေကြေး မတတ်နိုင်သည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ရောဂါမသက်သာသေးဘဲ ထောင်တွင်းသို့ ပြန်လည် ခေါ်ဆောင်ခြင်းခံရသလို ဆေးကုသခွင့် အခွင့်အရေး လုံးဝ မရရှိဘဲ ၁ နှစ်မှ ၂ နှစ်အထိ စောင့်ဆိုင်းနေကြရသည်။
ကလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို လစ်လျူရှု၍ လာဘ်ငွေတောင်းခံကာ ဆေးကုသခွင့် ငြင်းပယ်နေသည့် လုပ်ရပ်များမှာ ကျူးလွန်မှုမြောက်သည့် လုပ်ရပ်ဖြစ်ပြီး ယင်းသို့ အခွင့်အာဏာ အလွဲသုံးစားပြုနေကြသည့် စစ်အုပ်စု၊ အကျဉ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့မှာ တိုက်ရိုက် ကျူးလွန်သူများ ဖြစ်ကြောင်းနှင့် ယင်းကျူးလွန်မှုများအတွက် ပြန်လည်တာဝန်ယူစေရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်အပ်ပါသည်။
Political Prisoners Network-Myanmar (PPNM)
#ကလေးအကျဉ်းထောင် #ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာပေး